ချင်းနှင့် မကွေးအစပ်နေရာများ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်ခံရ

ချင်းနှင့် မကွေးအစပ်နေရာများ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်ခံရ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ နေရာများကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခံနေရကြောင်း ဒေသတွင်း သတင်းရင်းများထံမှ သိရသည်။ 

ဧပြီလ ၃၀ ရက် ၁၂ နာရီခန့်က မင်းတပ်မြို့နှင့် ကျောက်ထုအစပ်တစ်နေရာကို မကွေး၊ မန္တလေး၊ နေပြည်တော် လေတပ်မှ ဂျက်ဖိုက်တာ ၅ စီးဖြင့် ၁၀ ကြိမ်နှင့်အထက် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့နယ်သတင်းများကို ဖော်ပြပေးနေသည့် ဒေသခံကိုဟာကလေးနှင့် ယောအလင်းတန်းထံမှ သိရသည်။ 

လေကြောင်းတိုက်ခိုက်ချိန်တွင် ကျောက်ထုအခြေစိုက် အမြောက်တပ် ၃၆၈ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း၊ နေ့လည် ၁ နာရီခန့်ကလည်း လေကြောင်းမှ အမတ ၃၆၈ ထဲကို ရက္ခာနှင့် ခဲယမ်းများ ၈ ကြိမ်ခန့် ချပေးသည်ဟု သိရသည်။ 

အလားတူ ချင်းတောင်ပိုင်းနှင့် နယ်ချင်းနီးစပ်သော ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်များကိုလည်း ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီခန့်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၁၀ ခန့် ကြဲချတိုက်ခိုက်သွားသည်ဟု သိရသည်။ 

ဧပြီလ ၃၀ ရက် မနက် ၇ နာရီခန့်ကလည်း အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ တီးတိန်မြို့နယ်ထဲက  khuaimual ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အဆောက်အဦတချို့ ထိခိုက်ပျက်စီးမှုများ ရှိနေသည်ဟု သိရသည်။ 

ဧပြီလ ၂၅ ရက်က ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်းသိမ်းပိုက်၍ ချင်း၊ ရခိုင်- မကွေးအစပ် ကံကြီးကျေးရွာမှာ စစ်တပ်က အင်အား ၂၀၀ ဖြင့် အထိုင်ချလာပြီးနောက် ချင်းတောင်ပိုင်းဒေသကို လေကြောင်းတိုက်ခိုက်မှုများ တကျော့ပြန် များလာကြောင်း သိရသည်။

ဧပြီလ ၂၉ ရက်က CDF - ကန်ပက်လက် ထိန်းချုပ်ထားသည့် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို လေကြောင်း တိုက်ခိုက်ခံရမှုတွင် ကျင်ဒွေးတံတား ပြုပြင်နေသော အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ထံမှ သိရသည်။ 

ပြည်သူများအနေဖြင့် လက်ရှိအချိန်အတောအတွင်း မိမိတို့ နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင့်သင့်ထားရှိကာ လေကြောင်းသတိပြုနေကြရန် CPU/ CPA က အသိပေးထုတ်ပြန်သည်။

May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...