ဝေဖန်မှုများသည့် သန်း (၆၀) ကျော်တန် လွတ်လပ်ရေးကျောက်တိုင် ဟားခါးမှာ ဖွင့်လှစ်ကျ

ဝေဖန်မှုများသည့် သန်း (၆၀) ကျော်တန် လွတ်လပ်ရေးကျောက်တိုင် ဟားခါးမှာ ဖွင့်လှစ်ကျ

ကျပ်ငွေသန်း (၆၀) ကျော်အကုန်ကျခံပြီး ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိသော လွတ်လပ်ရေးကျောက်တိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ဖွင့်လှစ်ခဲ့ကြသည်။

အမြင့် (၇၅) ပေ၊ အချင်း (၁၄) ပေရှိသည့် အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို ချင်းကာလီလီကုမ္ပဏီမှ ပြီးခဲ့သည့် ဇူလိုင်လကစ၍ တာဝန်ယူတည်ဆောက်ကာ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်း လျန်လွယ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ လွတ်လပ်ရေးကျောက်တိုင်ကို ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့်အစား အကူအညီလိုအပ်နေသူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးပိုင်းတွင် အသုံးပြုသင့်သည်ဟု ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။

Tedim Youth Fellowship မှ ဦးဆောင်သူ ကိုမုန်းနိုးက “ ချင်းပြည်နယ် ဟားခါးမြို့တော်မှာသန်း (၆၀) ကုန်ပြီးတော့ တော်တော်လေးကို ဘဏ္ဍငွေကိုအလဟသ သုံးတယ်လို့ ကျနော်မြင်တယ် ဒုတိယချက်က ဒီလောက်ထိချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးသုံးပြီးတော့မှ ဘာမှမဟုတ်တဲ့လွတ်လပ်ရေး ကျောက်တိုုင်ကို စိုက်ထူတာက လုံးဝမသင့်တော်တဲ့လုပ်ရပ်လို့ ကျတော်မြင်တယ် တတိယအနေနဲ့ အခုလက်ရှိ ချင်းပြည်နယ်မှာ ကိုဗစ်နိုင် ၁၉ ကြောင့် ဒီလောက်ထိပြည်သူလူထုတွေ အခက်အခဲရောက်နေတယ် ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရောက် နေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးကို အဲဒီလွတ်လပ်ရေးကျောက်တိုင်စိုက်ထူတဲ့နေရာမှာ အသုံးပြုထားတာထက် ဒီကိုဗစ် ၁၉ ကိစ္စမှာသုံးရင်တော့ ပိုပြီးတော့မှ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဘဏ္ဍာငွေအသုံးပြုမှုများ ဖြစ်မလားပေါ့” ဟု ထောက်ပြထားသည်။

အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (GRF) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၊ ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆ သန်း၊ စုစုပေါင်းကျပ် ၆၁.၆ သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...