လူကယ်ပြန်ထောက်ပံ့ဆန်နောက်ကျ၍ လူပေါင်း ၈ဝဝ ကျော်ရှိသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကွင်းစစ်ရှောင်စခန်း အခက်တွေ့

လူကယ်ပြန်ထောက်ပံ့ဆန်နောက်ကျ၍ လူပေါင်း ၈ဝဝ ကျော်ရှိသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကွင်းစစ်ရှောင်စခန်း အခက်တွေ့
ဓာတ်ပုံ- စက်မှုဇုန်ကွင်း ကယ်ဆယ်ရေးစခန်း
ဓာတ်ပုံ- စက်မှုဇုန်ကွင်း ကယ်ဆယ်ရေးစခန်း

ခိုင်လူလှ — လူပေါင်း ၈ဝဝ ကျော်ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း ကယ်ဆယ်ရေးစခန်း (ရေဖြူကန်)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) မှ ထောက်ပံ့သော ဆန်ကို ဒီဇင်ဘာလအတွက် ယနေ့အချိန်ထိ ရရှိခြင်း မရှိသေးသဖြင့် အထူးအခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ခံ မောင်အေးရွှေက ပြောကြားသည်။

“ ဒီဇင်ဘာလအတွက် လူကယ်ပြန်က ဆန်ကို ဒီနေ့ ၁၉ ရက်ရှိသွားပါပြီ။ ဒီနေ့ထိ မရသေးပါဘူး။ စခန်းက လူတွေ အထူးအခက်အခဲ ဖြစ်နေကြပါတယ်။ စခန်းမှာ ဆန်တစ်အိတ်မှ မရှိဘူး။ နိုဝင်ဘာလအတွက်တော့ ရခဲ့ပါတယ်။ ဒီဇင်ဘာလအတွက် အခုအချိန်ထိ မရသေးတာပါ” ဟု စခန်းတာဝန်ခံက ပြောကြားသည်။

ထိုသို့ လူကယ်ပြန်မှ ထောက်ပံ့သောဆန်ကို မရရှိသေးသဖြင့် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) က လူတစ်ဦး ကျပ်တစ်သောင်းခွဲဖြင့် ထောက်ပံ့သည့်ငွေကို အသုံးပြုပြီး အခက်အခဲများကို ဖြေရှင်းနေရဟု ဆိုသည်။

“ ဆန်အထောက်အပံ့မရတော့ WFP က လူတစ်ဦးတစ်သောင်းခွဲနဲ့ ထောက်ပံ့ထားတဲ့ ငွေတွေနဲ့ဘဲ ရသလို ဖြေရှင်းစားသောက်နေရပါတယ်။ ဒီငွေ တစ်သောင်းခွဲနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။ အခက်အခဲတွေ အများကြီးရှိနေပါတယ်” ဟု ပြောကြားသည်။

၎င်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ ၈၇၁ ဦးမှာ ပလက်ဝမြို့နယ်က မီးလက်ဝ၊ နှမဒါကျေးရွာနှင့်  ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတောနဲ့ ဒိုးတန်းကျေးရွာများမှ ဖြစ်ကြသည်ဟု သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းစက်မှုဇုန် ကယ်ဆယ်ရေးစခန်းကို ပုံမှန် ထောက်ပံ့ပေးနေကြောင်း၊ တစ်လမှ မရရှိတာ မရှိကြောင်း ပြောကြားသည်။

“ ပုံမှန်ရပါတယ်။ သူ့အလှည့်ကျတော့ ရပါတယ်။ မရတာ တစ်ခါမှ မရှိပါဘူး။ တောက်လျှောက် လာပေး နေပါတယ်။ ရှေ့နဲ့ နောက်နဲ့တော့ ကွာမှာပေါ့လေ။ မရတဲ့လ မရှိပါဘူး။ ဒီစက်မှုဇုန်က အမြဲတန်းရပါတယ်။ ပီးခဲ့တဲ့ အပတ်တောင်မှ ဘေးစီမံက ပြည်နယ်ညွှန်မှူးတွေ၊ ခရိုင်ညွှန်မှူးတွေ၊ ဦးစီးမှူးတွေ လာသေးတယ်။ ဒီလက အခုမှ ၁၉ ရက်ဘဲ ရှိသေးတယ်။ ရမှာပါ။ မရတာ တစ်လမှ မရှိပါဘူး” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် နိုင်ငံတော်မှ ငွေကျပ် ၃ ဒဿမ ၇၃၉ ဘီလီယံကျော် ထောက်ပံ့ထားကြောင်း နိုင်ငံတော်သမ္မတက (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...