မီးရှို့ခံလိုက်ရသည့် ကျောက်တော်မြို့နယ်တင်းမကျေးရွာတွင် အစိုးရမှ အိမ်အလုံး ၄ဝ စတင်တည်ဆောက်မည်

မီးရှို့ခံလိုက်ရသည့် ကျောက်တော်မြို့နယ်တင်းမကျေးရွာတွင် အစိုးရမှ အိမ်အလုံး ၄ဝ စတင်တည်ဆောက်မည်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မီးရှို့ခံလို်က်ရသည့် တင်းမကျေးရွာတွင် အိမ်အလုံး ၄ဝ ကို စတင်တည်ဆောက်ရန် ဆောက်လုပ်မည့်ကုမ္ပဏီအား ရခိုင်ပြည်နယ်အစိုးရမှ တင်ဒါပေးလိုက်ပြီဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အိမ်အလုံး ၄ဝ စတင်တည်ဆောက်မည်ဖြစ်ကြောင်းကို နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

“ အိမ်အလုံး ၄ဝ ဆောက်လုပ်ဖို့ အားလုံး စီစဉ်ပြီးပါပြီ။ UEHRD အစီစဉ်နဲ့ အခုလောလောဆယ် နေအိမ် ၄ဝ ဆောက်ပေးမယ်။ ပြီးတော့ နောက်ထပ်လည်း ဆောက်ပေးဖို့ ရှိမှာပါ။”

အိမ်တစ်လုံး၏ တန်ဖိုးမှာ သိန်း ၅ဝ ရှိပြီး အိမ်အလုံး ၄ဝ ကို စတင်ဆောက်လုပ်ရန် တင်ဒါခေါ်ယူပြီးပြီ ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များ နေရပ်ပြန်ပါက ကြုံတွေ့ရသည့် အခက်အခဲများကို ထောက်ပံ့ကူညီနိုင်ရန် ရခိုင်ပြည်နယ် အစိုးရမှ စာရင်းများကောက်ယူရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တာဝန် ပေးအပ်ထားကြောင်း စည်ပင်ဝန်ကြီးက ပြောဆိုသည်။

ကျောက်တော်မြို့နယ် မီးဝဗျူဟာကုန်းအနီးတွင် ၂ဝ၂ဝ ခုနစ် မတ်လ ၁ဝ ရက် ၁၁ ရက်နေ့များတွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခံပြီး တပ်မတော်မှ  လေကြောင်း တိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးကျည်များမှ ကျေးရွာများထဲထိ ကျရောက် ပေါက်ကွဲသဖြင့် မုန့်သန်းပြင်၊ မီးဝ၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ ကျော်ရွှီပြင်၊ ကျောက်တန်း၊တင်းမ၊ ဂြင့်ခရားစေ့နှင့် အောင်သာယာကျေးရွာတို့မှ ဒေသခံများ နေရပ်ရွာများကို စွန့်ထွက်ပြေးခဲ့ကြဇရသည်။

ယင်းနောက်တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း၌ တင်းမကျေးရွာရှိ နေအိမ်အများအပြား မီးလောင်သွားခဲ့သည်။ ၎င်းမီးရှို့မှုကို ကျေးရွာသားများက တပ်မတော်စစ်ကြောင်း တစ်ခုမှ ကျူလွန် ပြုလုပ်ကြောင်း ပြောဆိုထားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ငြင်းဆိုထားသည်။

ကျောက်တော်မြို့ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် တင်းမကျေးရွာမှ ဒေါ်ဝင်းမေဦးက“ ရွာမီးလောင်သွားတော့ ကျွန်မတို့ ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးလာခဲ့တယ်။ ကျောက်တော် အထက(၁) က နေတဆင့် ဒီ ကဝိရတနာ စစ်ရှောင်းစခန်းကို ပြောင်းနေခဲ့ရတယ်။ဒီမှာ ကျွန်မတို့ အမျိုးသမီးတွေအတွက် အတော် အခက်အခဲတွေနဲ့နေရတယ်။ အိမ်သာကအစ မလုံမလောက်နဲ့ပေါ့။ အိမ်ပြန်လို့ရရင် သိပ်ပြန်ချင်တာပေါ့ရှင်။ ပြန်ရင်လည်း အစိုးရက မိုင်းတွေဘာတွေ မရှိအောင် ကြိုရှင်း ခိုင်းထားရင် ကျွန်မတို့ အသက်အန္တရာယ် မရှိတော့ဘူးပေါ့” ဟုပြောသည်။

နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များအတွက် အစိုးရမှ နေအိမ်အချို့ဆောက်လုပ်ပေးသွားမည်ဖြစ်သလို လိုအပ်သော ထောက်ပံ့ကူညီမှုများကိုလည်း ပြုလုပ်သွားမည်ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။

တင်းမအုပ်စုတွင် တင်းမကြီးနှင့် တင်းမသစ်ဟု ကျေးရွာ နှစ်ရွာတည်ရှိပြီး အိမ်ခြေ ၇ဝဝ ကျော်ရှိကာ အဆိုပါ ကျေးရွာ ၂ ရွာမှ ရွာသား ၁၈ ဦးလည်း ယခုနှစ်မတ်လအတွင်းက တပ်မတော်စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရပြီး ယနေ့ အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောဆိုထားသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...