သျှင်မင်းဇံ — အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် စစ်တွေမှကျောင်းသား ၄ ဦးကို ယနေ့ စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမည်ဖြစ်သော်လည်း ရုံးထုတ်လာခြင်းမရှိဘဲ တတိယအကြိမ် နောက်ထပ် ၁၄ ရက်ချုပ်မိန့်ယူသွားကြောင်း သတင်းရရှိသည်။
စစ်တွေမြို့နယ် တရားသူကြီး ဦးဝင်းလှိုင်က "ရုံးထုတ်မစစ်ဆေးဘူး။ ကပ်ရောဂါကာလတွေမို့ အကျဉ်းထောင်က တရားရုံးကို မထုတ်ပေးဘူး။ အကျဉ်းဌာနက တရားရုံးကို တရားခံတွေကို မလွှဲပေးဘူး။ ကပ်ရောဂါကြောင့် တစ်ခါမှ မစစ်ဆေးသေး။ ကပ်ရောဂါတွေ ကောင်းသွားပြီး တရားခံတွေ ခေါ်စစ်တဲ့အခါ အမှုပြန်စမယ်။ အခုက တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာတွေ မရှိဘူး" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးခံထားရသည့် ၎င်းကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေး ကောလိပ်ကျောင်းသား သမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်း တို့ဖြစ်ကြသည်။
၎င်းတို့ ၄ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေတွင် ဖြစ်ပွားခဲ့သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပွဲအား ဦးဆောင်ခဲ့မှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် မြို့နယ်ရဲမှူးဇော်နိုင်က တရားလိုလုပ် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့အား နိုဝင်ဘာလ ၃ ရက်နေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တစ်ကြိမ်၊ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တစ်ကြိမ် ရုံးချိန်းခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ရုံးထုတ်ခြင်းမရှိသေးဟု သိရသည်။
၎င်းကျောင်းသားများ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က “ ဒီနေ့ ရုံးချိန်းမှာ ထွေထွေထူးထူး မရှိဘူး။ ကိုရိုနာဗိုင်းရပ်စ်နဲ့ တရားခံတွေကို လုံးဝ ရုံးမထုတ်ဘူး။ သူတို့နဲ့ အဆက်အသွယ်ရပါတယ်။ ကျန်းကျန်းမာမာနဲ့ နေကောင်းကြပါတယ်။ သူတို့အမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ထပ်ရုံးချိန်းလိုက်ပါတယ်။"ဟု ပြောသည်။
ဘေး/စီ/မံပုဒ်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်ကလည်း တရားစွဲပြီးနောက်တွင် တစ်ကြိမ်တစ်ခါမှ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးသလို ဖမ်းဆီးခံ ကျောင်းသား ၄ ဦးနှင့်လည်း တွေ့ဆုံခွင့်မရရှိသေးကြောင်း ပြောသည်။
"ကျွန်တော်တို့ ရဲဘော်တွေကို ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ နှစ်လလောက်ရှိနေပြီ။ တစ်ခါမှ တရားရုံးတင် စစ်ဆေးတာတွေ မရှိသေးဘူး။ ကျွန်တော့်အနေနဲ့တော့ အစိုးရက ရခိုင်က ကျောင်းသားတွေကို လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ အစိုးရကို ဝေဖန်မှုတွေကို ဆက်ပြီးတော့ မလုပ်နိုင်အောင် အခုလိုမျိုး လုပ်နေတယ်လို့ ထင်ပါတယ်"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
၎င်းကျောင်းသား ၄ ဦးသည် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်က ကျောင်းသားများ၊ ရဟန်း သံဃာတော်များ၊ ဒေသခံပြည်သူ ၁ဝဝ ခန့်နှင့် အတူ စစ်တွေမြို့ လမ်းမများပေါ်တွင် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး အစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို အလိုမရှိ စသည့် ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြသူတို့ဖြစ်ကြသည်။
အလားတူ ရခိုင်မှ ဖမ်းဆီးခံ ကျောင်းသားများကို ရုံးထုတ်စစ်ဆေးခြင်း မလုပ်သည်သာမက အခြားတိုင်းနှင့်ပြည်နယ်မှ ဖမ်းဆီးခံ (ဗကသ) ကျောင်းသားများကိုလည်း ရုံးထုတ်စစ်ဆေးမှုများလုပ်သည်ကို မတွေ့ရကြောင်း ကိုတိုးတိုးအောင်က ဆက်ပြောသည်။







