ရခိုင်စစ်ပွဲရပ်စဲရေးလှုပ်ရှားခဲ့သည့် ပြည်တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ထောင်ဒဏ်(၁) နှစ်ချမှတ်

ရခိုင်စစ်ပွဲရပ်စဲရေးလှုပ်ရှားခဲ့သည့် ပြည်တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ထောင်ဒဏ်(၁) နှစ်ချမှတ်

အိမ်စိုးဖြူ — ရခိုင်စစ်ပွဲရပ်စဲရေးနှင့် စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့သည့် ပြည်တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ယမန့်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့နံနက် ၉ နာရီခန့်က ပေါင်းတည်မြို့နယ်တရားရုံးမှ ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ ကိုထက်အောင်(၂ဝ)နှစ်နှင့် ကိုကျော်ရဲသူ(၂ဝ)နှစ်တို့ဖြစ်သည်။

၄င်းတို့အား ရခိုင်စစ်ပွဲများ ရပ်ပေးရန်နှင့် ရခိုင်လူထုနှင့်အတူရပ်တည်ကြောင်း A-4 စာရွက်များကပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းသာဖြစ်သည့်အတွက် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း၊ ထောင်ဒဏ်နှင့်အမှုမှာ မမျှတကြောင်း ၄င်းတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်း ကပြောသည်။

“ကျွန်မ ဒီအမှုအပေါ်အမြင်က ဒါက နိုင်ငံသားတစ်ယောက်နေပြီးတော့ နိုင်ငံတော်၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ထပ်ပြီးတော့ ထုတ်ထားတာက ငြိမ်းစုစီပေါ့။ ငြိမ်းစုစီက သူတို့လုပ်တဲ့အပေါ် ခွင့်ပြုချက်မတင်တဲ့အတွက်ထုတ်တဲ့ဥပဒေပေါ့။ ငြိမ်းစုစီနဲ့ငြိတယ်ဆိုလို့ရှိရင် သူတို့လုပ်တဲ့အပေါ်ငြိမ်းစုစီနဲ့ပဲစွဲရမယ်ပေါ့။ ဒါပေမယ့် သူတို့က နိုင်ငံရေးပုဒ်မနဲ့စွဲထားတယ်။ ဒီဟာက နိုင်ငံရေး ပြစ်မှုဖြစ်တယ်။ အာမခံမရတဲ့ ထောင်ဒဏ် ၂ နှစ်ရှိတဲ့ ၅ဝ၅ (ခ)နဲ့စွဲတယ်။ ပြစ်မှုပြစ်ဒဏ်မမျှဘူးပေါ့ရှင်”ဟု သူမကပြောသည်။

၄င်းတို့နှစ်ဦးအား စက်တင်ဘာလ ၂၈ ရက်နေ့က ပေါင်းတည်မြို့ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဗကသများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌကိုအောင်ပြည့်စုံဖြိုးက “ကျွန်တော်တို့က ရှင်းရှင်းပြောရရင် စစ်ပွဲကြောင့် အကျိုးစီးပွားဖြစ်နေတဲ့သူတွေက သူတို့အတွက် အကျိုးစီးပွားဖြစ်တဲ့ စစ်ပွဲကို မရပ်တန့်အောင်လို့ စစ်ပွဲကို ဆန့်ကျင်တဲ့ကျောင်းသားတွေကို ဖိနှိပ်တယ်လို့ပြောချင်တယ်။ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကိုလည်း ကျွန်တော်တို့ အစတည်းကပြောပြီးသားပါ။ ရဲဘော်တို့ထောင်ကျတာဟာ ပြည်သူတွေ ဗုံးမကျဖို့၊ မသေအောင်လို့ ကာကွယ်တဲ့အနေနဲ့လုပ်တယ်လို့။ ကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ်” ဟုပြောသည်။

အဆိုပါလှုပ်ရှားမှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်မှ ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ(၅ဝ၅၊ က၊ ခ)များဖြင့် မြို့နယ်(၄)မြို့နယ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ်ကျခံစေရန် အမိန့်ချထားပြီး ဆက်လက်ရင်ဆိုင်ရန်အမှုများလည်း ကျန်ရှိ နေသေးကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ရခိုင်အရေးတောင်းဆိုဆန္ဒပြသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူ(၁၅)ဦးရှိပြီး ဝရမ်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အယောက်(၃ဝ)ခန့်ရှိသည်ဟု သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...