Online ပေါ်တွင် လက်လွတ်စပယ် မရေးရန် သင်ခန်းစာရခဲ့ဟု သတင်းမှားတင်ခဲ့သူပြောဆို

Online ပေါ်တွင် လက်လွတ်စပယ် မရေးရန် သင်ခန်းစာရခဲ့ဟု သတင်းမှားတင်ခဲ့သူပြောဆို

စောရှား - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP နှင့် လက်နက်ကိုင်တချို့မှ ဖားအံမြို့ရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် (UEC)ရုံးသို့ လာရမ်းသည်ဟု သတင်းမှားတင်ခဲ့သူ ကိုနေမင်းဦးက မိမိအနေဖြင့် Online ပေါ်တွင် ယခုကဲ့သို့ လက်လွတ်စပယ် မရေးသင့်ကြောင်း သင်ခန်းစာရခဲ့သည်ဟု သက်ဆိုင်ရာပါတီ၊ အဖွဲ့များနှင့် တွေ့ဆုံမှုအပြီးတွင် ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့၊ KNDP ဗဟိုရုံးတွင် နိုဝင်ဘာ ၁၄ရက်နေ့က ပြုလုပ်ခဲ့သော ရှင်းလင်းပွဲ၌ တက်ရောက်လာသည့် KNDP ခေါင်း ဆောင်များ၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ-KNU/KNLA (PC)၊ နယ်ခြားစောင့်တပ်(BGF)တာဝန်ရှိသူများကို ကိုနေမင်းဦးမှ တောင်းပန်အပြီး ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကနေ သင်ခန်းစာ ဘာရလဲဆိုတော့ Online ပေါ်မှာ လူငယ်တွေ အပါအဝင် မီဒီယာတွေရောဟာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ဘယ်ကိစ္စပဲဖြစ်ဖြစ် လက်လွတ်စပယ်ပြောတဲ့ အလေ့အထကို သတိထားကြဖို့။ အခု ကျနော်ဆိုလည်း  ဒီကိစ္စကို သေချာမသိဘဲ ကိုယ်မှန်တယ်ထင်တဲ့ စိတ်ကြောင့် တင်ဖြစ်သွားပြီး နောက်မှ မှားမှန်း သိခဲ့ပါတယ်။”ဟု ပြော သည်။

KNDP ပါတီကိုယ်စားလှယ်နှင့် KNU လက်နက်ကိုင်အချို့သည် ပြည်နယ်အုပ်ချုပ်ရေးရုံးဝင်းထဲရှိ ရွေးကောက်ပွဲကော်မ ရှင်ရုံးတွင် လက်နက်များဖြင့် လာရောက်ရမ်းကားခဲ့သည်ဟု ကိုနေမင်းဦးက နိုဝင်ဘာ ၁၁ရက်နေ့တွင် Facebook Online ပေါ်၌ ရေးတင်အပြီး ဒေသခံလူထုမှ ထင်ယောင်ထင်မှားဖြစ်ကာ ဝေဖန်ပြောဆိုမှုများ မြှင့်တက်လာခဲ့သည်။

KNDP ၏ တွဲဖက်အတွင်းရေးမှူး နော်သဇင်တုပ်က “အဓိကက တခုခုဆို တရားစွဲ ထောင်ချတာမျိုးတွေ ကရင်ပြည် နယ်မှာ မမြင်ချင်တာ။ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်အောင်။ လူတစ်ယောက် ဘ၀ပျက်ရင် နောက်ကွယ်က မိသားစု တစ်ခုလုံး ဒုက္ခရောက်နိုင်တာ ထည့်စဉ်းစားစေချင်တဲ့ ရည်ရွယ်ချက်ပါ။ အဲလိုနည်းနဲ့ ပြဿနာဖြေရှင်းတဲ့ အလေ့အထ မျိုး ကရင်ပြည်နယ်မှာ ထွန်းကားစေလိုတာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ KNDP ပါတီ ကိုယ်စားလှယ်နှစ်ဦးက ပြည်နယ်ကော်မရှင်ရုံး၌ ပုံစံ ၁၆ သွားရောက် တောင်းယူခဲ့ခြင်းသာဖြစ် ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့နှင့် မည်သည့်လက်နက်မှ ပါဝင်ခြင်း၊ ယူဆောင်ခဲ့ခြင်း မရှိကြောင်း အဆိုပါ လူငယ် ကိုယ်စားလှယ်များက ကေအိုင်စီသို့ အတည်ပြု ပြောဆိုခဲ့သည်။

ဆက်လက်၍ သတင်းမှားရေးတင်မိသူ ကိုနေမင်းဦးက “အဓိက ကျနော်မြင်လိုက်တဲ့အမြင်ပေါ်မှာ ဆုံးဖြတ်ပြီး ကျနော် ရေးခဲ့တာ။ အမှားပါပေါ့။ ဘယ်သူမှလည်း မင်းရေးပါ ပြောဆိုတိုက်တွန်းတာ မရှိဘူး။ ဒီလိုဖြစ်နေပြီလို့ ကျနော့်ကို အာမ ခံပေးတာ မရှိဘူး။ ကျနော်ကိုယ်တိုင် ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာကို သွားခဲ့တာကိုး။ အတွင်းထဲအထိ မမြင်ရဘူး။ အပြင်က ဖြစ်တဲ့ဖြစ်ရပ်ကို မြင်ပြီးတော့ပဲ ဒါ ဒီလိုဖြစ်တာ ဟုတ်ပြီ၊ သေချာပြီဆိုတဲ့ အမြင်နဲ့ ကိုယ့်ဟာကို ရေးခဲ့တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုကိစ္စရပ်၌ ပြည်သူများကြားတွင် အမြင်မမှားစေချင်သောကြောင့် ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်သလို လူမှုကွန်ရက် စာမျက်နှာ၌ သတင်းအမှား ဖော်ပြခဲ့သူအနေဖြင့်လည်း အများရှေ့တွင် တရားဝင် တောင်းပန်ခဲ့ပြီးဖြစ်သည့်အတွက် တရားစွဲဆိုရန် ဆန္ဒမရှိဘဲ ကျေအေးခဲ့ကြပြီး နောက်နောင် အားလုံးဆင်ခြင်ကြရန်သာ အရေးကြီးကြောင်း ကရင်လက် နက်ကိုင်အဖွဲ့များနှင့် KNDP တာဝန်ရှိသူများက တွေ့ဆုံ ရှင်းလင်း ပြောဆိုကာ နားလည်မှုရရှိခဲ့ကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...