ဖလမ်း- ဟားခါးလမ်းမှာ တိုက်ခိုက်ခံရ၍ စစ်တပ်အရာရှိ ၄ ဦးသေဆုံး

ဖလမ်း- ဟားခါးလမ်းမှာ တိုက်ခိုက်ခံရ၍ စစ်တပ်အရာရှိ ၄ ဦးသေဆုံး

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် ဖလမ်းနှင့် ဟားခါး မြို့ တို့မှ နှစ်ဖက်ညှပ်စစ်ကြောင်းထိုးလာနေသော စစ်တပ်ကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် အရာရှိ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး ၄ ဦး သေဆုံးကြောင်း သိရသည်။

ဖလမ်းမြို့မှ အင်အား ၅၀၀ ခန့်ဖြင့် ဟားခါးမြို့သို့ ဦးတည်စစ်ကြောင်းထိုးလာနေသော အာဏာသိမ်းစစ်တပ်သည် ချွန်ကျုံး ကျေးရွာ ကို ရောက်ရှိနေစဉ် ဟားခါးအခြေစိုက်၊ ဗျူဟားမှူး ပါဝင်သော စစ်တပ်စစ်ကြောင်းက ချွန်ကျုံးရွာဘက်ကို ထိုးစစ်ဆင်လာချိန်မှာ ဒရုန်း၊ လက်နက်ကြီး များဖြင့် ယမန်နေ့ မေလ ၁၄ ရက်က တိုက်ခိုက်ခဲ့သည်ဟု CDF - ဟားခါးဥက္ကဋ္ဌက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ဟားခါးမြို့ ခလရ ၂၆၆ တပ်ရင်းက စစ်တပ်၏ ဗျူဟားမှူး အပါအဝင် အရာရှိ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးခြင်းဖြစ်သည်။

“မနေ့က ၁၀ နာရီကျော်ကျော်လောက်မှာ ချွန်ကျုံးရွာကို စစ်ခွေးတွေ ဝင်တယ်။ အဲဒါ ဟားခါးဘက်ကနေ ကြိုတဲ့ စစ်ကြောင်းလည်း ရှိတယ်။ ဗျူဟာမှူး ဦးဆောင်ပြီးတော့ လာတယ်။ အဲဒါကို ကျနော်တို့က ဒရုန်းနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တော့ သူတို့ အရာရှိကြီး တွေ နေရာကို သွားကျတယ်။ အဲဒါနဲ့ ဗျူဟာမှူးလည်း ဒဏ်ရာ ရတယ်။ အခြားအရာရှိ ၃ ဦးလည်း ဒဏ်ရာ ရတယ်။ စစ်သား ၄ ယောက် သေသွားတယ်” ဟု CDF - ဟားခါး ဥက္ကဋ္ဌက ပြောသည်။

ဒဏ်ရာ ရရှိသွားသော ဗျူဟာမှူးကို ဆေးကုသရန်အတွက် ရဟတ်ယာဉ်ဖြင့် ယနေ့ မေလ ၁၅ ရက်တွင် ခေါ်ဆောင်ပြီး ဆေးကု သရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဟားခါးမြို့မှ ဗျူဟာမှူး ဦးဆောင်လာသော စစ်ကြောင်းသည် လက်ရှိတွင် ဟားခါးမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဖလမ်း မြို့မှ တက်လာသော စစ်ကြောင်းသည် လက်ရှိတွင် ဟားခါးမြို့မှ ၁၀ မိုင်ခန့်အကွာရှိ ချွန်ကျုံးရွာတွင် တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့မှ ဟားခါးမြို့သို့ အင်အား ၅၀၀ ခန့်ဖြင့် သာလွန်အင်အားအသုံးပြု၍ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ဖလမ်း- ဟားခါးလမ်းကို ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးနေသော စစ်တပ်သည် မေလ ပထမပတ်က တလန်ရောန် ကျေးရွာသစ်နှင့် ရွာဟောင်းက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဟားခါး- ဖလမ်း လမ်းမပေါ်ရှိ ကျေးရွာတချို့မှ ဒေသခံများသည် ဟားခါးမြို့ပေါ်နှင့် လွတ်မြောက်နယ်မြေတချို့မှာ စစ်ဘေးတိမ်း ရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေသော အာဏာသိမ်းစစ်တပ်သည် တွန်းဇံမြို့ကို ဦးတည်၍ တီးတိန်းနှင့် ကျီးခါးမြို့တို့မှတဆင့် ZRA- EC တပ်ဖွဲ့နှင့် ပူးပေါင်းကာ နှစ်ဖက်ညှပ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...