ကရင်ဖြူစာပေပေါ်ပေါက်လာရေး စာပေနှင့်ယဉ်ကျေးမှုအသင်း ဖွဲ့စည်း

ကရင်ဖြူစာပေပေါ်ပေါက်လာရေး စာပေနှင့်ယဉ်ကျေးမှုအသင်း ဖွဲ့စည်း
Photo : KIC (ပုံဟောင်း)
Photo : KIC (ပုံဟောင်း)

ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက် စာပေတစ်ရပ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကရင်ဖြူအရေးဆောင်ရွက်သူများဦးဆောင်ပြီး မေလ (၂၀)ရက်နေ့က ကရင်ဖြူစာပေနှင့်ယဉ်ကျေးမှုအသင်းကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ကရင်ဖြူ စာပေနှင့်ယဉ်ကျေးမှုအသင်း ဖွဲ့စည်းခြင်းမှာ ကရင်ဖြူစာပေတစ်ရပ်ပေါ်ပေါက်လာရေးကို အဓိကရည်ရွယ်သော်လည်း ယဉ်ကျေးမှုနှင့် ဘာသာစကားထိန်းသိမ်းမြှင့်တင်ရန်အတွက်လည်း ပါဝင်သည်ဟု ကရင်ဖြူလူငယ်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“ကျနော်တို့ ကရင်ဖြူက စကားရှိတယ်။ စာပေမရှိဘူး။ စာပေပေါ်ပေါက်ဖို့ အရင်တုန်းကတော့ အခါခါကြိုးစားတယ်။ ဒါပေမယ့် ပံ့ပိုးမှု၊ တတ်သိပညာရှင်တွေမရှိတော့ ဖြစ်မလာခဲ့ဘူး။ အခုက ထပ်အကောင်အထည်ဖော်ဖို့ ကရင်ဖြူစာပေယဉ် ကျေးမှုအသင်းကိုဖွဲ့လိုက်တာ” ဟု ၎င်းလူငယ်ကိုယ်စားလှယ်က ပြောသည်။

ထို့အပြင် ကရင်ဖြူစာပေပေါ်ထွန်းလာစေရန်အတွက် ကရင်လူမျိုးအရေးဆောင်ရွက်သူများနှင့် ပညာရှင်များ၏ အကူအညီကိုရယူ၍ လုပ်ဆောင်သွားမည်ဟု ဦးဆောင်အကောင်အထည်ဖော်မည့်သူများက ပြောသည်။

ကရင်ဖြူစာပေနှင့်ယဉ်ကျေးမှုအသင်းဖွဲ့စည်းရန်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကရင်ဖြူရေးရာကော်မတီ၊ KPYO ကရင်ဖြူလူငယ်အဖွဲ့၊ ဂေဘားစာပေယဉ်ကျေးမှုကိုယ်စားလှယ်၊ ကရင်အရေးဆောင်ရွက်သည့်ကိုယ်စားလှယ်နှင့် ကရင်ဖြူဒေသ ကျေးရွာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ကရင်လူမျိုးထဲတွင် တစ်စုအပါအဝင်ဖြစ်သည့် ကရင်ဖြူမျိုးနွယ်စုများမှာ ကရင်ပြည်နယ် လိပ်သိုမြို့နယ်အတွင်းသာမက ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရေတာရှည်မြို့နယ်နှင့် ကရင်နီနယ်စပ်ဘက်တွင်ပါ ပြန့်ကြဲနေထိုင်ကြသည်။ ကရင်ဖြူများနေထိုင်ရာ ကျေးရွာပေါင်း (၆၀)ကျော်ရှိကာ လူဦးရေအားဖြင့် စုစုပေါင်း (၅၀,၀၀၀)အထက်တွင် ရှိသည်ဟု ကရင်ဖြူအရေးဆောင်ရွက်သူက ဆိုသည်။

ထို့အတူ ကရင်ဖြူမျိုးနွယ်စုထဲတွင် ဘန့်လုံးကြီး၊ ဘန့်ဘား၊ ဘန့်လုံးငယ်၊ ထီးဒေးနှင့် သံမိတိုက်စသည့် မျိုးနွယ်စုအခွဲများ ရှိသလို ဘာသာစကားများလည်း ကွဲပြားမှုရှိသဖြင့် စာပေပေါ်ပေါက်ရန်အတွက် အဆိုပါမျိုးနွယ်စုအလိုက် အသံသွင်းမှတ်တမ်းများကို ဦးစွာပြုစုမည်ဖြစ်ကြောင်းသိရသည်။

ဦးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ)စစ်အစိုးရလက်ထက်က စစ်ဘက်ဆိုင်ရာဌာနချုပ်များ တည်ဆောက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ကရင်ဖြူကျေးရွာများမှ မိဘဘိုးဘွားပိုင် ရိုးရာဓလေ့ထုံးထမ်းမြေယာများ မတရားဖယ်ရှားခံရခြင်းလည်းရှိခဲ့သည်။

ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...
ဓာတ်ပုံ - (KIC / ပုံဟောင်း)
September 2, 2026
ကရင်ပြည်၊ ဖားအံမြို့နယ်အတွင်း ပြည်နယ်စစ်အုပ်စု၏ အခြေခံပညာရေးအောက်တွင် ဖွင့်လှစ်ထားသည့်...
ဓာတ်ပုံ - CJ
September 2, 2026
ကရင်ပြည်၊ ဖားအံမြို့နယ်အတွင်း စစ်မှုထမ်းစေခိုင်းရန် စစ်အုပ်စုတပ်က တပ်သားအင်အား...
August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...