ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က လူနာတင်ဆောင်လာသည့် ပရဟိတအဖွဲ့၏မော်တော်ယာဥ်တိုက်ခိုက်ခံရပြီး လူမှုကူညီရေးလုပ်ဆောင်သူ လူငယ်(၁)ဦး သေဆုံး၍ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတအဖွဲ့အသိုင်းအဝိုင်းနှင့်ဒေသခံများထံမှ သိရသည်။
ထိုနေ့ ည(၈)နာရီအချိန်က တောင်ငူမြို့မှ စတင်ထွက်ခွာလာသည့် အဆိုပါမော်တော်ယာဥ်မှာ လူနာတင်ဆောင်လာပြီးအပြန်လမ်းတွင် လိပ်သို-တောင်ငူလမ်းပေါ်ရှိ မွန်ကုန်းရွာအနီး မိုင်းဆွဲ၊ ပစ်ခတ်ခံရခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ယာဥ်နောက်ခန်းတွင်လိုက်ပါစီးနင်းလာသည့် လှုမှုကူညီရေးလုပ်ဆောင်သူ အမျိုးသား(၁)ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးနှစ်ဦးအပါအဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများကပြောသည်။
“မိုင်းသံလိုမျိုးကြားလိုက်ရပြီး သေနတ်တွေဆက်တိုက်ပစ်တာ။ ကားဆိုအပေါက်ရာတွေချည်းပဲ။ ကားရှေ့ခန်းကနှစ်ယောက်က နည်းနည်းပါးပါးပဲထိတယ်။ နောက်ခန်းက မိန်းကလေးနှစ်ယောက်နဲ့ဆုံးသွားတဲ့အစ်ကိုက ပိုဆိုးတာ။ အဲဒီအထဲက မိန်းကလေးတစ်ယောက်ဆို အခု မသေမရှင်ဖြစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံကပြောသည်။
ပရဟိတယာဥ်ပေါ်တွင် လူနာအပါအဝင် စုစုပေါင်း (၅) ဦး လိုက်ပါလာခြင်းဖြစ်ပြီး လူနာဖြစ်သူက ထိခိုက်မှုမရှိကြောင်း သိရသည်။ ဖြစ်စဥ်အတွင်း သေဆုံးသူအမျိုးသားသည် အသက်(၃၁)နှစ်အရွယ်သာရှိပြီး သံတောင် (၁၃)မြို့နေထိုင်သူဖြစ်ကြောင်းလည်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။
လူနာတင်ယာဥ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တောင်ငူအခြေစိုက်ပရဟိတအဖွဲ့ နီးစပ်သူများပြောပြချက်အရ လူနာသွားရောက်ခေါ်ဆောင်လာမည့်အကြောင်းကို အဖွဲ့တာဝန်ရှိသူမှစစ်အုပ်စုထံ ကြိုတင်အကြောင်းကြားခဲ့ကြောင်း သိရသည်။
သို့သော် ဖြစ်စဥ်ဖြစ်ပွားသည့်အချိန်တွင် လိပ်သို-တောင်ငူလမ်းပေါ်၌ စစ်အုပ်စုယာဥ်တန်း ဖြတ်သန်းသွားလာမှုရှိခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။
ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်မူ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်း ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
တောင်ငူမှ လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူက "ကျနော်တို့ ပရဟိတကားတွေအနေနဲ့ ညဖက်လူနာပို့တဲ့အခါ အရင်ကထက်ပိုပြီးသတိထားရမယ်။ သေသွားတဲ့သူဆို အေးအေးဆေးဆေးပဲနေတာ ဘာအရှုပ်အရှင်းမှမရှိဘူး။ အခုလိုဖြစ်တော့ တန်ဖိုးရှိတဲ့လူငယ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရသလိုပဲ” ဟု ကေအိုင်စီသို့ပြောသည်။
သံတောင်ကြီးမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသတ်မှတ်ချက်အရ တပ်မဟာ(၂)၊ တောအူး/တောင်ငူခရိုင်အတွင်းရှိ၍ အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုတို့ ပဋိပက္ခ မကြာခဏဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်သည့်ဒေသဖြစ်သည်။
ထိုနယ်မြေအတွင်း ယခင်က စစ်အုပ်စုတပ်ဖွဲ့များ စစ်ကြောင်းလှည့်လည်ခြင်းနှင့် ယာဥ်တန်းလိုက်ဖြတ်သန်းသွားလာရာတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က မိုင်းဆွဲ တိုက်ခိုက်မှု လုပ်ဆောင်ခြင်းရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က ဆိုသည်။ ထို့အတူ စစ်အုပ်စုကလည်း ၎င်းတို့လှုပ်ရှားသွားလာရာလမ်းကြောင်းပေါ်ရှိ ကျေးရွာများ၊ ဒေသခံများကို ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခြင်းရှိသည်ဟု ဒေသခံများကပြောသည်။
မေလ(၁၉)ရက်နေ့က ဖြစ်စဥ်ကြောင့် လူမှုရေး၊ စစ်ရှောင်အရေးကူညီသူတချို့အနေဖြင့် နယ်မြေထဲရှိစစ်ဘေးရှောင်နေရာများသို့ သွားရောက်ကူညီရန် လုံခြုံရေးစိုးရိမ်မှုဖြစ်လာကြောင်းလည်း သိရသည်။







