စစ်တွေမြို့ပတ်လည်ကို ခြံစည်းရိုး အသစ်ကာရံပြီး စစ်အုပ်စု လုံခြုံရေးယူ

စစ်တွေမြို့ပတ်လည်ကို ခြံစည်းရိုး အသစ်ကာရံပြီး စစ်အုပ်စု လုံခြုံရေးယူ

စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊ တပ်နယ်မြေများနှင့် တပ်စခန်းအနီးတို့တွင် ခြံစည်းရိုးအသစ် ကာရံကာ လုံခြုံရေးတည်ဆောက်နေကြောင်း သိရသည်။

အာရက္ခတပ်တော် ထိုးစစ်များ စစ်တွေမြို့ပေါ်ထိ ဝင်မလာနိုင်ရေးနှင့် မြို့ခံများ အဝင်အထွက် မရှိစေရေးအတွက် စစ်တွေမြို့ပတ်ပတ်လည်၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ပွိုင့်ကမ်းခြေတို့တွင် စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစကာ သံဆူးကြိုးများနှင့် ခြံစည်းရိုးကာရံထားခြင်းဖြစ်သည်။

လက်ရှိတွင် သံဆူးကြိုးကာရံထားသည့် တိုင်များမှာ ဆွေးမြေ့ပျက်စီးခြင်း၊ သံဆူးကြိုးများ ကျိုးပဲ့မှုများရှိ လာသဖြင့် ကွန်ကရစ်တိုင် အသစ်များဖြင့် အခိုင်အမာပြုလုပ်နေကြောင်း သိရသည်။

“ ကမ်းနားလမ်းတစ်လျှောက် ဝါးတိုင်နဲ့ ကာထားတဲ့ ခြံစည်းရိုးတွေ ကျိုးနေတာရှိတယ်။ အဲဒီနေရာမှာ ကွန်ကရစ်တိုင် စိုက်ပြီး လုပ်နေတာ။ ပြီးတော့ စခန်းနေရာတွေ၊ တပ်နယ်မြေတွေမှာလည်း ခြံစည်းရိုး ကာနေတာတွေ တွေ့ရတယ် ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲများ အမြဲရှိနေသည့် စစ်တွေမြို့တွင် စစ်အုပ်စုသည် မြို့ပြင်နှင့် မြို့တွင်း လုံခြုံရေးကို တင်းကျပ်နေပြီး မြို့တွင်းတွင်လည်း ဧည့်စာရင်း စစ်ဆေးမှုကို ဧပြီလဆန်းပိုင်းမှ စကာ အရှိန်မြင့် လုပ်ဆောင်လျက်ရှိသည်။

စစ်တွေမြို့ရှိ လူနေထူထပ်သည့် ရပ်ကွက်များကို ဧည့်စာရင်းအကြောင်းပြကာ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီး ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၉ ရက်ကလည်း စစ်တွေမြို့၊ စိတ္တသုခ ကမ္မဋ္ဌာန်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသား ၆ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် တစ်ဦး သေဆုံးသွား ကြောင်း သိရသည်။

“ အဓိက စစ်တွေမြို့အဝင်အထွက်နေရာတွေကို ခြံစည်းရိုးအသစ်တွေ ထပ်ကာနေတာ တွေ့ရတယ်။ ပျက်စီးနေတဲ့ နေရာတွေကို ပြန်ပြုပြင်တာတွေ၊ ခွင့်ပြုထားတဲ့ အဝင်အထွက်နေရာတွေကို ပြန်ပိတ်ပြီး ခြံစည်းရိုး ကာတာတွေ ပြုလုပ်နေတာ။ ဧည့်စာရင်းစစ်တာတွေလည်း တစ်ရက်မှာ ၂ ကြိမ် ၃ ကြိမ်အထိ ရှိတယ်။ စစ်တပ်ကတော့ လုံခြုံရေးတွေ သိသိသာသာ တင်းကျပ်နေတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမြို့ခံများမှာ စစ်တပ်၏ အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးကာ ရိုက်နှက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး စိုးရိမ်နေကြရသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်မြေအားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့သာ စစ်အစိုးရ လက်အောက်ထဲရှိနေတော့သည်။

ထို့အတူ အာရက္ခတပ်တော်အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်ရှိ လက်ကျန်မြို့များကို ၂၀၂၆၊ ၂၀၂၇ ခုနှစ်မကုန်ခင် အပြီးသတ်သိမ်းပိုက်မည်ဟု ဧပြီလက ကြုံးဝါးထားသဖြင့် ယခုအခါ စစ်တွေမြို့လုံခြုံရေးကို အဓိကထား ဦးစားပေးလုပ်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

“ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကတိပြုထားတာက ရခိုင်လက်ကျန်မြို့တွေကို ၂၀၂၇ မကုန်ခင် အပြတ်တိုက်မယ်လို့ ပြောထားတာ။ ဆိုတော့ စစ်တွေဆိုတာ ရခိုင်ပြည်မြောက်ပိုင်းက AA အတွက် တစ်ခုတည်းသော လက်ကျန်မြို့ ဖြစ်တယ်။ ဒါကြောင့် စစ်အစိုးရက အထူးစိုးရိမ်ပြီး တတ်နိုင်သလောက်ပြင်ဆင်ထားတဲ့ အခြေအနေလို့ ပြောရမယ် ” ဟု ရခိုင်ပြည်စစ်ရေး စောင့်ကြည့်နေသူ တစ်ဦးက သုံးသပ်သည်။

စစ်တွေမြို့တွင် စစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ လတ်တလောငြိမ်သက်နေပြီး စစ်တပ်က မြို့တွင်းစစ်အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

ထို့အတူ AA ထိုးစစ်ကို ပြင်ဆင်သည့်အနေဖြင့် စစ်တွေမြို့နယ် ပတ်ပတ်လည်က ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူများကိုလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စပြီး မြို့တွင်းသို့ အတင်းပြောင်းရွှေ့ခိုင်းကာ မြို့တွင်း၌ ပိတ်လှောင်ထားသည်။

စစ်တွေမြို့သည် အိန္ဒိယကုလားတန်စီမံကိန်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းစသည့် နိုင်ငံခြားအကျိုးစီးပွားတို့ အခြေပြုရာ ရခိုင်ပြည်မြို့တော်လည်းဖြစ်သည်။

လက်ရှိတွင် စစ်တွေ ဝင်ပေါက်ထွက်ပေါက်အားလုံးကို စစ်အုပ်စုက ပိတ်ဆို့ထားသဖြင့် မြို့တွင်း အခြေခံကုန်ဈေးနှုန်းများ မြင့်တက်ကာ မြို့ခံများ စားဝတ်နေရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...