သံလွင်မြစ်ကမ်းဘေးက ရွေးချယ်ခွင့်မဲ့ဘဝများ

သံလွင်မြစ်ကမ်းဘေးက ရွေးချယ်ခွင့်မဲ့ဘဝများ

နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက အဆင်ပြေတယ်။ အခုတော့ မြစ်ထဲကဟာတွေ စားရင် အဆိပ်ဖြစ်မယ်ဆိုလို့ မစားရဲတော့ဘူး။ တောထဲက ချောင်းငယ်တွေမှာ လိုက်ရှာရတာပေါ့။ အဆင်မပြေရင်တော့ ဝယ်စားရမှာပဲ။ ဒါပေမဲ့ ကျနော်တို့မှာ နေ့တိုင်းဝယ်စားဖို့ ပိုက်ဆံက ဘယ်ကရမှာလဲ…”

ဒါကတော့ ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်ထဲက သံလွင်မြစ်ကမ်းနံဘေးမှာ နေထိုင်တဲ့ မယ်ရာထရွာနေ ဒေသခံကရင်အမျိုးသားတစ်ဦးက သူကြုံတွေ့နေရတဲ့ စိုးရိမ်ပူပန်မှုကို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် သူတို့မိသားစုကို ကျွေးမွေးပြုစုလာခဲ့တဲ့ ပင်မသွေးကြောကြီးဖြစ်တဲ့ သံလွင်မြစ်ကြီးဟာ ယနေ့ အချိန်မှာတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အဆိပ်မြစ် တစ်ခုအဖြစ်သို့ ပြောင်းလဲလို့နေလာတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ဒုတိယအရှည်ဆုံးဖြစ်ပြီး မိုင်ပေါင်း ၁,၇၀၀ ကျော် ရှည်လျားတဲ့ ဒီသံလွင်မြစ်ကြီးဟာ အခုဆိုရင် တရားမဝင် သတ္တုတူးဖော်မှုတွေနဲ့ မြေရှားသတ္တုလုပ်ငန်းတွေကြောင့် အပြင်းအထန် နာမကျန်း ဖြစ်နေရတာပါ။

မကြာသေးမီက ချင်းမိုင်တက္ကသိုလ် ပတ်ဝန်းကျင်သိပ္ပံ သုတေသနစင်တာနဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်းပြီး မြစ်ရေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့ရာမှ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ တုန်လှုပ် ခြောက်ခြားစရာ ဖြစ်ခဲ့ရပါတယ်။

အဲဒါကတော့ မြစ်ရေထဲမှာ လူသားတွေကို အန္တရာယ်အရှိဆုံးဖြစ်စေတဲ့ အာဆင်းနစ် (Arsenic) ပါဝင်မှုနှုန်းဟာ နိုင်ငံတကာ စံနှုန်းထက် ၄ ဆကနေ အဆပေါင်း ၅၅ ဆအထိ မြင့်မားနေတဲ့အတွက်

ထိုင်းအာဏာပိုင်တွေကပါ လက်ရှိ သံလွင်မြစ်ရေကို သုံးစွဲဖို့မသင့်ကြောင်း အရေးပေါ် သတိပေး ချက်တွေ ထုတ်ပြန်ထားရတဲ့အထိ အခြေအနေက ဆိုးရွားလာခဲ့တာပဲ ဖြစ်ပါတယ်။

တဖက်တွင်လည်း ကရင်လူထုတွေ အမြတ်တနိုး စားသုံးလေ့ရှိတဲ့ ရိုးရာတာလပေါ့ဟင်းချ က်ပြုတ်ရာမှာ မပါမဖြစ်တဲ့ ‘သံလွင်မြစ်တွင်းက ခရု’၊ ဖားနဲ့ ငါးတွေလည်း မစားရဲတော့တဲ့ အခြေအနေက ၎င်းတို့ရဲ့ နေထိုင်စားသောက်တဲ့ပုံစံကိုပါ လာပြီး ရိုက်ခတ်သွားစေခဲ့တာပါ။

“ခရုကိုတော့ အများအားဖြင့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ရေကျလို့ ရေကြည်တဲ့အချိန်ကျမှ ရှာစားကြတာ။ ငါးဆိုရင်တော့ မိုးရာသီနဲ့ ရေတက်တဲ့အချိန်တွေမှာ ရှာကြတယ်။ အခုတော့ မစားရဲကြတော့ဘူး။ တခြား ချောင်းစပ်တွေမှာပဲ လိုက်ရှာစားကြတော့တယ်” လို့ သံလွင်မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ စောရှားနယ် က ပြောပါတယ်။

အာဆင်းနစ်၊ ခဲနဲ့ မာကျူရီလို ဒြပ်စင်အဆိပ်တွေဟာ အရောင်၊ အနံ့၊ အရသာ လုံးဝမရှိတာကြောင့် ရေထဲမှာ ပါဝင်မှန်း သာမန်လူတွေ မသိနိုင်ပါဘူး။ WHO ရဲ့ ထုတ်ပြန်ချက်အရ ဒီရေကို သောက်မိရင် ဗိုက်နာ၊ အော့အန်၊ ကြွက်တက်နိုင်ပြီး ရေရှည်မှာတော့ ကိုယ်အင်္ဂါပျက်စီးတာနဲ့ ကင်ဆာရောဂါ တွေအထိ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

“အခုက ရေအဆိပ်သင့်မှု Level ၅ လောက်အထိ မြင့်နေတယ်။ ဖြစ်နိုင်ရင် စိုက်ပျိုးရေးရော သောက်သုံးရေအတွက်ပါ ရှောင်စေချင်ပါတယ်။ ငါးစားချင်ရင်တောင် အသားပဲစားပါ၊ အဆိပ်အတောက် အနည်ထိုင်တတ်တဲ့ ခေါင်း၊ အူ၊ အသည်းတွေကို မစားတာ အကောင်းဆုံးပဲ” လို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဥက္ကဋ္ဌ စောပေါလ်စိန်ထွားကလည်း သတိပေးထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ရေကြီးမှုအပြီးမှာ မြစ်ကမ်းဘေးမှာ ပုံကျလာတဲ့ ထူးဆန်းတဲ့ အဲဒီရွှံ့စေးတွေထဲမှာ အဆိပ်အကြွင်းအကျန်တွေ ကပ်ငြိနေပြီး မြစ်ကမ်းဘေးက စိုက်ပျိုးပင်တွေနဲ့ ငါးတွေစားတဲ့ ရေမှော်ရေညှိတွေဆီပါ အဆိပ်ဓာတ်တွေ ကူးစက်နေပြီလို့ ပညာရှင်တွေက ဆိုပါတယ်။

မြို့ပြနဲ့ဝေးကွာပြီး သွားလာရေးခက်ခဲတဲ့ မူတြော် (ဖာပွန်) ဒေသခံတွေဟာ ဈေးကနေ နေ့တိုင်း အစားအစာ ဝယ်စားဖို့ ငွေကြေး မတတ်နိုင်ကြပါဘူး။ လက်ရှိမှာတော့ မြစ်ရေဟာ သိသိသာသာ အရောင်ပြောင်းလဲလာပြီး ငါးတွေ အကြောင်းရင်းမရှိ သေဆုံးမှုတွေ ရှိနေတာကြောင့် မြစ်ထဲက ငါး၊ ဖား ရှာဖွေတာကို ရပ်နားထားကြရပါတယ်။

သောက်သုံးရေအတွက်လည်း သံလွင်မြစ်ကို မသုံးစွဲရဲတော့ဘဲ တောတွင်းစမ်းချောင်းငယ်တွေဆီကနေ ရေရဖို့ ဝါးလုံးတွေနဲ့ အဝေးကြီးကနေ သွယ်တန်းပြီး ခက်ခက်ခဲခဲ သုံးစွဲနေကြရပါတယ်။

“ လူထုတွေအနေနဲ့ ရွေးချယ်စရာမရှိရင်တော့ ဒီမြစ်ထဲက ငါးတွေကိုပဲ စားမိမှာပဲ။ ဒါက ရေရှည်မှာ လူထုအတွက် အတော်လေး စိုးရိမ်စရာပါ” လို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ စောဟဲစေးက အခုလို ပြောပါတယ်။

‌ဒေသခံလူထုတွေအနေနဲ့ စားရေးသောက်ရေး၊ စိုက်ပျိုးရေးတို့အတွက် အထူးသတိပြုကြရန်နဲ့ မိမိတို့ ကျန်းမာရေးအတွက် လျှော့မတွက်ကြဖို့လည်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ နော်ဆာမူးကလည်း အခုလို တိုက်တွန်းထားပါသေးတယ်။

“ကျမတို့ ပြည်သူတွေကို သတိပေးချင်တာက အခု အဆိပ်တွေ ပိုပြီးများလာတဲ့အတွက် အစားအစာနဲ့ စိုက်ပျိုးရေးတွေမှာ သတိထားရပါမယ်။ စမ်းချောင်းသေးသေးလေးထဲကရေ၊ ရေတွင်းရေများကို အသုံးပြုပါ။ အနာရှိတဲ့သူတွေ ချောင်းထဲမသွားကြပါနဲ့၊ ပွားလာမှာကို စိုးရိမ်ရပါတယ်” ဟု သူမက ဆိုပါတယ်။

ဒါပေမဲ့ ဒီလို အခြေအနေတွေ ဆိုးရွားလာမှု ရှိပေမယ့် ပြည်တွင်းက သက်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးဌာနတွေဘက်ကတော့ ယနေ့အထိ တရားဝင် သတိပေးချက်တွေ ထုတ်ပြန်ပေးခြင်း မရှိသေးတာကြောင့် ဒေသခံတွေလည်း ဝေခွဲမရ ဖြစ်နေကြဆဲပါ။

သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာတွေမှာတော့ မြစ်ကြီးရေရှည်တည်တံ့စေဖို့ သားငါးမျိုးစိတ်တွေ မျိုးမသုဉ်းစေဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ လမ်းညွှန်မှု၊ ဒေသန္တရဥပဒေများနဲ့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အပြင် မြစ်ထဲသို့ ဆေးဖြန်းတာ ဓာတ်သုံးပြီး ငါးဖမ်းတာတွေ စတဲ့ တားမြစ်မှုတွေ ထားရှိထားပါတယ်။

ဒါ့အပြင် ဒေသခံတွေ၊ ကရင်လူငယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း စုပေါင်းပြီး မတ်လ ၁၄ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ရေကာတာဆန့်ကျင်ရေးနေ့ ရောက်တိုင်းမှာ သံလွင်မြစ်ကို ဖျက်ဆီးမယ့် စီမံကိန်းတွေကို ရပ်တန့်ဖို့ ပြတ်ပြတ်သားသား တောင်းဆိုနေကြသလို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း သဘာဝသယံဇာတတွေကို အလွန်အကျွံ ထုတ်ယူနေမှုကို တားဆီးပေးဖို့ လေးလေးနက်နက် တိုက်တွန်းထားကြပါတယ်။

ဘယ်လိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ ဒေသခံတွေကတော့ သူတို့ရဲ့ ဘိုးဘွားပိုင် သံလွင်မြစ်ကြီးကို စွန့်ခွာသွားဖို့ အစီအစဉ်မရှိကြပါဘူး။

“ဒီမြစ်ရေက ဘုရားသခင်က ကျနော်တို့ သောက်ဖို့၊ ထိန်းသိမ်းဖို့ ဖန်တီးပေးထားတာမို့ ကျနော်တို့ ဆက်ပြီး ထိန်းသိမ်းသွားမယ်၊ ဆက်ပြီး ရှင်သန်သွားမယ်” လို့ မယ်ရာထ ရွာသားတစ်ဦးက ပြောပါတယ်။

May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
တိမ်ညိုတွေဟာ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါတယ်။ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...