တိုင်းရင်းသားပါတီ ထောက်ခံသူတွေ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံး

တိုင်းရင်းသားပါတီ ထောက်ခံသူတွေ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံး
အောက်တိုဘာ (၁၈)ရက်နေ့ မွန် ၊ ကရင် ၊ ပအိုဝ်း ဝန်းရံသူတွေ အင်အားပြ လှည့်လည်စဉ်
အောက်တိုဘာ (၁၈)ရက်နေ့ မွန် ၊ ကရင် ၊ ပအိုဝ်း ဝန်းရံသူတွေ အင်အားပြ လှည့်လည်စဉ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီ ထောက်ခံသူတွေဟာ အပြန်အလှန်ဝန်းရံပြီး မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်နေကြပါတယ်။

ထောင်နဲ့ချီတဲ့ မွန် ၊ ကရင် ၊ ပအိုဝ်းတိုင်းရင်းသားပါတီ ဝန်းရံသူတွေက အောက်တိုဘာလ(၁၈)ရက်နေ့က သထုံမြို့မှာအင်းအားပြလှည့်လည်ခဲ့ကြပါတယ်။

သထုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်တာ မရှိပေမယ့် ပအိုဝ်းနဲ့ကရင် ပါတီဝန်းရံသူတွေ အင်အားပြ လှည့်လည်ရာမှာ မွန်ပါတီထောက်ခံသူတွေကဝန်းရံခဲ့ကြပါတယ်။

အခုလို မွန်တိုင်းရင်းသားပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့နေရာမှာ မွန်ပြည်သူလူထုအနေနဲ့ ကရင်နဲ့ ပအိုဝ်းတိုင်းရင်းသားကိုယ်စားပြုပါတီတွေကို မဲထည့်ပေးခြင်းဖြင့် တိုင်းရင်းသားအမတ်တွေ လွှတ်တော်ထဲရောက်လာခဲ့ရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလိုလားချက်တွေကို ရရှိလာမယ်လို့ မွန်တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်တဲ့ မင်းလှိုင်ထောက ပြောပါတယ်။

“သထုံနဲ့ဘီးလင်းမှာ မွန်မပြိုင်ဘူး၊သို့သော်ငြားလည်း ကရင်နဲ့ပအိုဝ်းပြိုင်တယ်၊ သထုံနဲ့ ဘီးလင်းမှာ ရှိကြတဲ့ မွန်တွေ အဲဒီပါတီကို မဲပေးကြဖို့၊ ၂၀၁၅ ကနေ ၂၀၂၀ အတွင်း ၅ နှစ်ကာလမှာ တိုင်းရင်းသားအသံတွေ ပြောနေသော်လည်း တစ်ပါတီစနစ်ဖြစ်နေတော့ တိုင်းရင်းသားဘယ်လောက်ပဲတောင်းဆို ပယ်ချခံထိတယ်၊ တိုင်းရင်းသားအမတ်တွေ လွှတ်တော်ထဲ များများရောက်ရှိမှ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရလာမယ်လို့မြင်တယ်”လို့ ဆိုပါတယ်။

တိုင်းရင်းသားလူငယ်‌တွေစုပေါင်းပြီး တိုင်းရင်းသားကိုယ်စားပြုပါတီတွေကို လာရောက်ဝန်းရံတဲ့အခါမှာ တိုင်းရင်း‌သားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပြသရာရောက်လို့ အားရကျေနပ်မိတယ်လို့လည်း ဆိုပါတယ်။

အဲဒီအပြင် တိုင်းရင်းသားကိုယ်စားပြုပါတီက အမတ်တွေ လွှတ်တော်ထဲ ရောက်ရှိခဲ့ရင် ဒေသဖွံဖြိုးရေးနဲ့ တိုင်းရင်းသားအားလုံးတန်းတူရေးအပြင် ပေးထားတဲ့ ကတိဂဝတ်တွေအတိုင်း ‌လက်တွေ့ဆောင်ရွက်စေလိုတယ်လို့ ပအိုဝ်းတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ နန်းအိသဇင်နွယ် အခုလို ပြောပါတယ်။

” ပြည်နယ်တွင်း ဖွံ့ဖြိုးရေးမှာ ထိထိရောက်ရောက်နဲ့ပြီးတော့ တိုင်းရင်းသားတွေ တန်းတူညီမျှရေးကိုတောင်းဆိုချင်တယ်။အခုချိန်မှာ စည်းရုံတာက အမျိုးမျိုးစည်းရုံနေကြတယ်။သူတို့စည်းရုံခဲ့တဲ့အတိုင်းပဲတချိန်မှာ သူတို့အနိုင်ရခဲ့မယ်ဆိုရင်ပေးခဲ့တဲ့ ကတိတွေအတိုင်း၊ စည်းရုံးရေးမဲဆွယ်ခဲ့တဲ့အတိုင်းလုပ်ပေးပါ။ မျှော်လင့်ချက်တွေကို ဆက်ပြီးမျှော်လင့်နိုင်အောင် အဲဒါတွေကို လုပ်ပေးပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ညီညွတ်ရေးပါတီ မယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တွေက မွန်တိုင်းရင်းသားတွေအနေနဲ့ ကရင်နဲ့ပအိုဝ်းပါတီကိုသာ မဲပေးဖို့နဲ့ ကရင်နဲ့ ပအိုဝ်းပါတီ မယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တွေမှာလည်း တိုင်းရင်းသားတွေအနေနဲ့ မွန်ပါတီကိုသာ မဲပေးကြဖို့ လူငယ်ကွန်ယက်တွေက အပြန်အလှန်တိုက်တွန်းထားကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရပါတီကို တိုင်းရင်းသားအများစုက ဝန်းရံပေးခဲ့ပေမယ့် တကယ့်လက်တွေ့မှာ တိုင်းရင်းသားတွေလိုလားနေတဲ့ အခွင့်အရေးတော်တော်များများကို လျစ်လျူရှုခံခဲ့ရလို့ တိုင်းရင်းသားပါတီတွေက ပိုမိုအားကောင်းလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...