ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အား နယ်မြေရှင်းလင်းရေး’ စစ်ဆင်တိုက်ခိုက်ရာတွင် စက်တင်ဘာ (၂၈) တနင်္လာနေ့က မြန်မာ စစ်သား အနည်းဆုံး (၆)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းဆုံး (၅)ဦး ရှိကြောင်း KIA ဘက်မှ ဆိုပါသည်။
တနင်္လာနေ့ နံနက်ပိုင်းမှ ညနေပိုင်း ထိ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ သုံးနေရာတွင် တိုက်ပွဲများဖြစ်ပွားကာ တပ်မတော်ဘက်က ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။
“အနည်းဆုံး (၆)ဦး (၇)ဦးခန့် သေဆုံးနိုင်တယ်။ ဒဏ်ရာ ရတာကတော့ (၅)ဦးမှ (၇)ဦးထိ ရှိနိုင်တယ်။”
KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း သူက ဆိုပါသည်။
တပ်မ (၈၈) စစ်ကြောင်းများ မုန်းဘော် (Mungbaw) ကျေးရွာပတ်၀န်းကျင် တောင်းကုန်များရှိ KIA တပ်ရင်း (၃၆) စခန်းများကို သုံးနေရာမှ ‘နယ်မြေရှင်းလင်းရေး’ ထိုးစစ်ဆင်တိုက်မှု ပြုလုပ်ပြီး ပြန်ဆင်းလာစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
“မိုင်ဖန် (Mai Hpang) ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ နမ်တောင်း (Nam Tau)၊ မခေါယန် (Mahkaw Yang)နားမှာ စောင့်ကြိုတိုက်ခိုက်တယ်၊ အဲဒီမှာ ထိခိုက်သေဆုံးမှု အနည်းငယ် ရှိတယ်။ မနက်ပိုင်းမှာပဲ မန်နောင်ယန် (Man Nawng Yang)မှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်၊ အဲဒီမှာ တော့ အတော်လေး အထိနာလို့ ကြားရတယ်။ ညနေပိုင်းမှာတော့ မုန်ဘော် (Mungbaw)မှ ပလဲခက် (Pale Hkyet) ဘက်ဆီ တက်လာတဲ့ စစ်ကြောင်းကို ခကျန်ခရော့ (Hka Chyang Hkaraw) ဆိုတဲ့ နေရာမှာ ထပ်ပြီး မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တော့ ထိခိုက်မှုများတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တိုက်ပွဲဖြစ်ပွားရာ နယ်မြေမှဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။
နှစ်ဖက် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ရွာသား (၆၀)ကျော်သည် မန်နောင်ကောင် (Man Nawng Kawng) ကျေးရွာ ခရစ်ယာန်အသင်းတော် ဘုရားကျောင်း၀င်းတွင် စက်တင်ဘာ (၂၄)ကတည်း ခိုလှုံနေကြောင်း ကြားသိရသော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေေသည့် အခြေအနေကြောင့် ပြင်ပမှ အကူအညီများ သယ်လာပေးရန် ခက်ခဲနေသည်ဟု မုန်းဘော် (Mungbaw)ကျေးရွာ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှ သိရသည်။
ယခု COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းနေသည့်ကာလ တပ်မတော်က စက်တင်ဘာ (၃၀)ထိ တိုက်ပွဲ ရပ်ထားကြောင်း ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်မြောက်ပိုင်းမှာ ‘နယ်မြေရှင်းလင်းရေး’ ထိုးစစ်ဆင်နေသောကြောင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု အဖွဲ့၀င် KIA၊ ကိုးကန့် MNDAA နှင့် ရခိုင် AA တို့နှင့်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။







