ချီဖွေ KIA တပ်စခန်း ၂ ခုကို ဖယ်ရှားရန် တပ်မတော်က သတိပေး

ချီဖွေ KIA တပ်စခန်း ၂ ခုကို ဖယ်ရှားရန် တပ်မတော်က သတိပေး

ချီဖွေမြို့နယ် မေခမြစ် အရှေ့ဘက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် ကချင်ပြည်နယ်အစိုးရ နယ်လုံဝန်ကြီးက PCG မှတဆင့် KIO ထံသို့ စက်တင်ဘာလ ၈ ရက်နေ့က စာဖြင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးရန်နှင့် ရုပ်သိမ်းခြင်းမရှိပါက နယ်မြေရှင်းလင်းရေးဆောင်ရွက်မည်ဆိုသည့် အကြောင်းကြားစာလက်ခံရရှိကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG သို့ အတည်ပြုပြောဆိုသည်။

“ကျနော်တို့ စစ်ရေးနဲ့ မဖြေရှင်းပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးနဲ့ ဖြေရှင်းသင့်တဲ့အကြောင်း စာပြန်အကြောင်း ကြားထားတယ်။ ယနေ့ထိ သူတို့ဘက်က ဘာမှ နယ်မြေရှင်းလင်းတာမျိုး၊ စာပြန်အကြောင်းကြားတာမျိုး မရှိသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

KIO ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စာပြန်ထားသော်လည်း တပ်မတော်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

KIA ၏ အဆိုပါတပ်စခန်း ၂ ခုသည် ၁၉၉၄ နှောင်းပိုင်းအခြေချထားသော တပ်စခန်းဖြစ်သည်ဟုဆိုကာ တပ်မတော်ဘက်က ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိူးဆောင်အဖွဲ့ PCG မှ ဒူဝါလမိုင်ဂွမ်ဂျာက ပြောသည်။

“ဒီနေရာတွေက ၁၉၉၄ ခုနှစ်အပစ်ရပ်သဘောတူစာချူပ်မှာ မေခမြစ်အရှေ့ဘက် နေထိုင်ခွင့်မပြုဘဲ မေခမြစ်အနောက်ဘက်မှာဘဲ နေထိုင်ခွင့်ပြုကြောင်း သဘောတူခဲ့တဲ့နေရာတွေဖြစ်တယ်ဆိုပြီး တပ်မတော်ဘက်က ပြောဆိုထားတယ်။ KIO ဘက်ကလည်း သူတို့နေရာဖြစ်တယ် ဆိုပြီး အငြင်းပွားမှုရှိခဲ့တယ် ” ဟု ဒူဝါလမိုင်ဂွမ်ဂျာက ဆိုသည်။

တပ်မတော်ဘက်ကလည်း ၁၉၉၄ နောက်ပိုင်း တပ်အင်အားတိုးချဲ့လာပြီး ယခင်မရှိသောနေရာများတွင်လည်း တပ်နေရာချထားသည့်အတွက် ယခုကိစ္စကိုတွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသင့်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုအငြင်းဖြစ်ပွားသော နေရာသည် ချီဖွေမြို့နှင့် အောက်ဘမ်းကြားရှိ KIA တပ်ရင်း ၄၆ နေရာဖြစ်သည်ဟု သိရသည်။

ချီဖွေမြို့တွင် KIA တပ်စခန်း ၂ ခုကို တပ်မတော်က ဖယ်ရှားခိုင်းမှုကိစ္စနှင့် ပတ်သက်ပြီး ချီဖွေဒေသခံများကို ဆက်သွယ်မေးမြန်းရာ သတင်းအကြောင်းအရာကို မသိရှိသေးသည့်အပြင် အခြေအနေထူးခြားမှုလည်းမရှိကြောင်း ဆိုသည်။

ချီဖွေမြို့နယ်သည် မေခမြစ်တစ်လျှောက် ရွှေတူးဖော်မှုများရှိနေပြီး ချီဖွေမြို့ အရှေ့မြောက်ဘက်တွင် မြေရှားသတ္တုတူးဖော်မှုများရှိကာ ချီဖွေငယ်ရေအားလျှပ်စစ် တည်ရှိရာသော ဒေသလည်း ဖြစ်သည်။

မြန်မာတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲမှာ စက်တင်ဘာ ၁၁ ရက်နေ့မှ စပြီး ယနေ့ထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်။

မြစ်ကြီးနားရှိ KIO ၏ နည်းပညာအကြံပေးအဖွဲ့ TAT ရုံးကိုလည်း ရုပ်သိမ်းရန် တပ်မတော်ဘက်က ပြီးခဲ့သည့် သြဂုတ်လတွင် KIO ထံ အကြောင်းကြားထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မခံဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင်ပါဝင်ကာ တပ်မတော်နှင့် Bilateral လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေသောအဖွဲ့ဖြစ်သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...