ဦးဂါကျေးရွာမှအမျိုးသမီးအား အဓမ္မပြုကျင့်ကြောင်းဝန်ခံသည့် တပ်မတော်သား ၃ ဦးအား ပြင်းပြင်းထန်ထန်အရေးယူရန် ရခိုင်အမျိုးသမီးကွန်ရက်တောင်းဆို

ဦးဂါကျေးရွာမှအမျိုးသမီးအား အဓမ္မပြုကျင့်ကြောင်းဝန်ခံသည့် တပ်မတော်သား ၃ ဦးအား ပြင်းပြင်းထန်ထန်အရေးယူရန် ရခိုင်အမျိုးသမီးကွန်ရက်တောင်းဆို

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှအမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့ကြောင်းဝန်ခံသည့် တပ်မတော်သား ၃ ဦးအား ပြင်းပြင်းထန်ထန်အရေးယူရန် ရခိုင်အမျိုးသမီးကွန်ရက်က တောင်းဆို လိုက်သည်။

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်အောင် တရားဥပဒေရဲ့ ရှေ့ကို အမြန် ရောက်စေချင်တယ်။ တရားဥပဒေရှေ့ကို ရောက်စေချင်တယ် ဆိုတာကလည်း သူတို့ဟာ ပြစ်မှုကျူးလွန်ထားခံထားရတဲ့ အမျိုးသမီးဟာ သာမန် အရပ်သူဖြစ်တဲ့အတွက် အရပ်ဘက်တရား တရားရုံးကို ရောက်စေချင်တယ်။  ဥပဒေရှေ့ကို ရောက်ပြီး နောင်ဒီလိုပြစ်မှုမျိုးတွေ မပေါ်ပေါက်စေဖို့ ပြင်းပြင်းထန်ထန် အရေးယူစေချင်ပါတယ်”  ဟု ပြောသည်။

ရခိုင်အမျိုးသမီးကွန်ရက်သည် ရခိုင်အမျိုးသမီးများအရေးကို အနစ်နာခံ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသည့် ဦးဂါကျေးရွာမှအမျိုးသမီးအား စစ်တွေအမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် အမျိုးသမီးအဖွဲ့အစည်းလည်း ဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ်  ဇွန်လ ၃ဝ ရက်နေ့ ည ၆ နာရီကျော်အချိန်ခန့်က ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာ အတွင်းသို့ ဝင်ရောက်လာသော တပ်မတော်စစ်ကြောင်းတစ်ခုမှ စစ်သား ၃ ဦးသည် အဆိုပါ ကျေးရွာမှ အသက် ၄ဝ အရွယ် ကလေး ၄ ဦး၏ မိခင်တစ်ဦးအား ၎င်းနေ့ ညဉ့် အချိန်က အိမ်တွင် မိသားစုများနှင့် ပုန်းအောင်းနေကြစဉ် တစ်ယောက်တည်းခေါ်ယူ ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့သည်။

“ ကျမတို့ အဲဒီအမျိုးသမီးကို စစ်တွေကို ခေါ်ယူပြီး ဇူလိုင် ၁ဝ ရက်နေ့က ကာယကံရှင်အမျိုးသမီး ကိုယ်တိုင် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ရဲတာဝန်ရှိသူတွေက အမှုကို လက်ခံပြီး တပ်တော်ဘက်က တာဝန်ရှိသူတွေကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့တဲ့အတွက် ခုလို အမှုမှန်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် တပ်မတော်သားတွေက ဝန်ခံထွက်ဆို ထားကြောင်း  RFA သတင်းဌာကို အတည်ပြုပြောကြားခဲ့သည်။

“ ကျုးလွန်ခံရသူ အမျိုးသမီးရဲ့ ကိုယ်မှာတွေ့ရှိတဲ့ အထောက်အထားတွေနဲ့ အခင်းဖြစ်တဲ့နေ့က  ဦးဂါရွာကို ရောက်ရှိခဲ့တဲ့ တပ်မတော်သားအချို့ရဲ့ DNA စစ်ဆေးချက်တွေ တူညီနေကြောင်း" အစီရင်ခံစာနှင့် ပတ်သက်လို့  မေးမြန်းရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဖြေဆိုခဲ့သည်''ဟု RFA သတင်းဌာနတွင် ရေးသားထားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ယခုလိုမျိုး အဖြစ်မှန် ပေါ်ပေါက်လာသည့် အတွက် ဝမ်းသာကြောင်း ပြောသည်။

ဒေါ်ခင်စောဝေက “ ပြစ်မှုကျုးလွန်ထားသူများအား  ဥပဒေအရ အပြင်းအထန် အရေးယူသင့်တယ်။ အပြင်းအထန်အရေးယူပေးမှ နောက်တစ်ခါ အမျိုးသမီးတွေကို မလုပ်ရဲ၊ မစော်ကားရဲဖြစ်မှာ ဒီလိုမျိုး ကိစ္စတွေကို အပြင်းအထန် အရေးယူပေးဖို့ လိုတယ်” ဟု ပြောသည်။

၎င်းသတင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အစပိုင်းတွင် ၎င်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

RFA ၏ သတင်းအရ စစ်သည်တစ်ဦးက ဝန်ခံခဲ့ကြောင်း၊ နောက်ထပ် ဆက်စပ်သူမျာကိုပါ ထပ်မံ စစ်ဆေးရာတွင်  ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသည့် ပုံစံ ပေါ်ပေါက်လာသဖြင့် သက်သေခံချက်များ ထပ်မံရယူပြီး စစ်စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

March 28, 2024
ရခိုင်ပြည်၊ ဂွမြို့တွင် စစ်ကောင်စီက အရပ်သား ၂၀၀ ခန့်ကို စစ်မှုထမ်းခိုင်းပြီး  လက်နက်...
March 27, 2024
စစ်ရေးအခြေအနေများကြောင့် ဝန်ထမ်းအများအပြား စစ်တွေပြည်သူ့ ဆေးရုံကြီးကို စွန့်ခွာသွားကြသဖြင့်...
March 27, 2024
( လက်ရှိစစ်သင်တန်း တက်ရောက်နေသည့် မွတ်ဆလင်ဦးရေ အနည်းဆုံး ၆၀၀ ကျော်ခန့်ရှိနိုင်ဟုဆို)...
March 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် မိသားစုဝင်များကို...