အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ ခြေကုတ်စခန်း အနည်းဆုံး ၃ ခုကို အာရက္ခတပ်တော် (AA) က ယမန်နေ့ညတွင် တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စု၏ စခန်းများ ပြိုလဲသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ညတွင်းချင်းပင် ပဒါန်းဘက်သို့ မော်တော်ယာဉ်များဖြင့် တင်ဆောင်သွားခဲ့ရသည်။
ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက “မနေ့ညကစကစစခန်းတွေကို AA က နည်းမျိုးစုံနဲ့ ဝင်ဆော်သွား တာ။ တော်တော် ထိခိုက်သွားပုံရတယ်။ သေဆုံးနဲ့ ဒဏ်ရာရ စစ်သားတွေကို ပဒါန်းကို ကားနဲ့ယူသွားတယ်။ အများကြီး ပါသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေပိုင်းတွင် ဂုတ်ကြီးပတ်ဝန်းကျင်ရှိ စစ်အုပ်စုတပ်၏ ယာယီစခန်းငယ်နှစ်ခုကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ဒရုန်းဗုံးများဖြင့်ပါ တိုက်ခိုက်ကာ မြေပြင်မှ ပါဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
အလားတူ ပဇီကျေးရွာနှင့် နတ်ရေကန်တောင်ကြားရှိ စစ်အုပ်စုတပ်၏ ယာယီစခန်းငယ်တစ်ခုလည်း တပြိုင်တည်း တိုက်ခိုက်ခံခဲ့ရသည်။
“ပဇီရွာနားက စခန်းပါ အဲဒီစခန်းကိုလည်း AA က တိုက်ခိုက်ခဲ့တယ်။ နတ်ရေကန်တောင်စခန်းလည်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံထားရတာ နေ့တိုင်းလိုလိုပဲ။ အဆောင်ဆို တစ်ခုမှ မရှိတော့ဘူး” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
အဆိုပါ ယာယီခြေကုတ်စခန်းများကို အာရက္ခတပ်တော်က ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ဘာတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တပ်ဖွဲ့များကပါ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ် အထိနာ သွားခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာသို့ ပြောဆိုသည်။
အာရက္ခတပ်တော်နှင့် မဟာမိတ်များ ပိတ်ဆို့ထားသည့် နတ်ရေကန်တောင်ကို စစ်အုပ်စုတပ်က လေကြောင်း စစ်ကူ အများအပြားဖြင့် အင်အားထောင်ချီ ဖြည့်တင်းကာ ထိုးစစ်စတင်နေသော်လည်း AA ၏ နည်းဗျူဟာ သာလွန်မှုကို လိုက်မမီသဖြင့် တိုက်ပွဲတိုင်းတွင် ဆုတ်ခွာနေကြရကြောင်း စစ်ရေးသတင်းရင်းမြစ်များ၏ သုံးသပ်ပြောဆိုချက်များ အရ သိရသည်။







