ခဲသတ္တုကုန်ချောထုတ်မည့်စက်ရုံ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်

ခဲသတ္တုကုန်ချောထုတ်မည့်စက်ရုံ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်

ကယားပြည်နယ် လွိုင်ကော်မြို့နယ် စက်မှုဇုန် (၂) ထဲမှာ အကြီးစားခဲသတ္တု ကုန်ချောစက်ရုံက ယခုအချိန်ထိ စက်ရုံတည်ဆောက်နေမှုလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး စက်ရုံရဲ့ကောင်းကျိုး/ဆိုးကျိုးတွေကို ချပြတာမရှိဘူးတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ ကယားပြည်နယ်တာဝန်ခံ ခွန်းအန်းဂျလိုက ပြောပါတယ်။

“ သူတို့တည်ဆောက်ရေးတွေဆက်လုပ်နေတယ်။ အဲ့ဒါလူထုကို မချပြဘူးလေ။ မချပြတော့ ကျနော်တို့ရှင်းလင်းပွဲလုပ်တာ အဲ့တာပါ ပဲ။ စက်ရုံလုပ်ရင် အဲ့ဒီဆိုးကျိုး/ကောင်းကျိုးဘယ်လိုရှိလည်း အဲ့ဒါချပြရမယ်။ အခုဟာကျနော်ရွာတွေကွင်းဆင်းတာ ၁၀ရွာကျော်ပြီ၊ ၁၀ရွာကျော်ကျော်က တစ်ရွာမှ မသိဘူး ရွာသားတွေ၊ ဒေသခံတွေက။”လို့ ခွန်းအန်းဂျလိုက ပြောပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ရန်ကုန်မြို့မှာ Karenni Mega Investment Watch (KMIW) ကရင်နီအကြီးစားရင်းနှီးမြှပ်နှံမှု စောင့်ကြည့်ရေးကွန်ယက်ကနေပြီးတော့မှ ပူးပေါင်းကြံစည်မှု အစီရင်ခံစာနှင့်အတူ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားပါတယ်။

အစီရင်ခံစာအကျဉ်းချုပ်အရ ကယား(ကရင်နီ)ပြည်အတွင်း သတ္တုထုတ်လုပ်မှု ကဏ္ဍမှာ လာရောက်ရင်းနှီးမြှပ်နှံတဲ့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဗဟိုချုပ်ကိုင်မှုတွေများနေတဲ့ မြေယာအုပ်ချုပ်ရေးယန္တရားတွေကို အားပေးတာတွေ၊ အရင်းရှင်နိုင်ငံတွေရဲ့ နိုင်ငံဖြတ်ကျော်စီမံကိန်းတွေ ၊ နောက်ဆက်တွဲ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ ၊ သက်ဆိုင်ရာအစိုးရအဆင့်ဆင့် လူ့အခွင့်အရေးကာကွယ်မြင့်တင်ဖို့ ပျက်ကွက်နေတာတွေ၊ စီးပွားရေးလုပ်ငန်းမှ လူ့အခွင့်အရေးပျက်ကွက်နေတာတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်နေတာတွေကို ထောက်ပြထားပါတယ်။

စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ရာမှာ ဒေသခံပြည်သူတွေကို အလုပ်အကိုင်ဦးစားပေးခေါ်မည်ဟု ကုမ္မဏီဘက် ပြောဆိုထားပေမယ့်လည်း လက်တွေ့မှာ ဒေသခံ ၁၅ ဦးသာပါရှိတယ်လို့ ခွန်းအန်းဂျလိုက ဝေဖန်ပြောဆိုထားပါတယ်။

ဒီအပေါ်မှာ သက်ဆိုင်ရာ သတ္တုစက်ရုံတည်ဆောက်နေတဲ့ Global South Industrial Co.ltdကုမ္မဏီကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒေသခံအများစု ၇၀ ရာခိုင်နှုန်းကျော်ကို ခန့်ထားပါတယ်လို့ ၎င်းကုမ္မဏီ ဒါရိုက်တာ ဦးဝင်းမော်က ပြောပါတယ်။

“၇၀နဲ့ ၈၀ ကြားမှာဒါကျနော်တို့ ဒေသခံ တိုင်းရင်းသားတွေပဲ ၊ ဒေသခံပြည်သူလူထုတွေပဲအဲဒီလုပ်ငန်း ခွင်ထဲမှာလုပ်နေတာ စာရင်းဇယားအထောက်အထားနဲ့ နေ့စဉ် ဆင်းနေတဲ့ဟာရှိတယ်။” ဦးဝင်းမော်က ပြောပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ခြင်း (EIA) မပြုလုပ်ဘဲ တည်ဆောက် နေတာတွေက ဥပဒေမှာ အားနည်းချက်တွေရှိနေပြီးလက်ရှိအခြေအနေမှာ ပတ်ဝန်းကျင်ထိခိုက်စေတဲ့အရာတွေကို ချပြသင့်တယ်လို့ အမည်မဖော်လိုသူ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကအခုလို ပြောပါတယ်။

“ အဓိကတော့ ရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီတွေရဲ့ အကြောင်းတွေ ကျနော်တို့သိချင်တယ်။ ရင်းနှီးမြှပ်နှံမှုပမာဏရယ်၊ ဒီစွန့်ပစ်မြေဇာပေါ့နော်။ အထူးသဖြင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှုကိစ္စတွေကို အရင်ဖော်ထုတ်ပြီးမှပဲ လုပ်ဆောင်ဖို့ကျနော်တို့လိုချင်တယ်ပေါ့။”

ဒီအပေါ်မှာတော့ ကုမ္မဏီကနေပြီး နိုင်ငံတော်က ပြဌာန်းထားတဲ့ဥပဒေတွေနဲ့အညီ ခွင့်ပြုမိန့်ကိုရအောင်လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ခွင့်ပြုမိန့်မရခင်မှာပေးထားတဲ့ ဥပဒေနဲ့အညီပေးခဲ့တဲ့ကတိကဝတ်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော်ကပြောပါတယ်။

ဦးဝင်းမော်က “ကျနော်တို့က ဥပဒေနဲ့အညီအကုန်လုံးပေါ့နော်။ ဒါသတ္တုသန့်စင်စက်ရုံ အနေနဲ့ သတ္တုသန့်စင်စက်ရုံမဟုတ်ဘူး။ ကျနော်တို့ ကုန်ချောစက်ရုံပေါ့။ သန့်စင်တာက လုပ်ကွက်မှာပဲသန့်စင်တယ်။ အဲတော့ ကျနော်တို့လုပ်နေတာသည် ဥပဒေနဲ့အညီအပြည့်လုပ်နေတာပေါ့နော်။ တာဝန်ခံမှု တာဝန်ယူမှုအပြည့်နဲ့လုပ်နေပါတယ်။ ထူးထူးထွေထွေပြောစရာတော့မရှိဘူး။ ကျနော်တို့လက်တွေ့ အကောင်အထည်ဖော်နေတဲ့ အနေအထားမှာပဲ စောင့်ကြည့်ကြည့်ပေါ့”လို့ ပြောပါတယ်။

စက်ရုံအတွင်းပြည်တွင်းဝန်ထမ်း(၅၃၉)ဦးနှင့် ပြည်ပဝန်ထမ်း(၂၃)ဦး စုစုပေါင်းဝန်ထမ်း(၅၆၂)ဦးတို့ဝင်ရောက်လုပ်ကိုင်နေလျက်ရှိတယ်လို့ကယားပြည်နယ် အစိုးရအဖွဲ ၏၂၀၁၉ခုနှစ်အတွင်းလုပ်ငန်းအစီရင်ခံစာအရသိရှိရပါတယ်။

၎င်းစီမံကိန်းနှင့်ပတ်သက်လို့ သက်ဆိုင်ရာ ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဝန်ကြီးဦးမော်မော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ခရီးသွားနေတာဖြစ်တဲ့အတွက် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပါဘူး။

အဆိုပါ သတ္တုသန့်စင်စက်ရုံကိုအကောင်အထည်ဖော်ဖို့အတွက် ၂၀၁၈ကတည်းကအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရင်းနှင်းနှီးမြှပ်နှံမှုကော်မရှင်ထံမှာ ခွင့်ပြုမိန့်အမှတ်(၁၆၈/၂၀၁၉)ဖြင့် နှစ်(၅၀)ရင်းနှီးမြှပ်နှံမှုခွင့်ပြုမိန့်ကို ၂၀၁၉၊ ဇူလိုင်လ(၆)ရက်နေ့မှာ ရရှိခဲ့တာဖြစ်ပါတယ်။

ခွင့်ပြုမိန့်ရပြီးနောက်မှာ နွားလဝိုးကျေးရွာအုပ်စု ၊ စက်မှုဇုန်အပိုင်း(၂)အတွင်းရှိ မြေ(၁၁၃)ဧကပေါ်မှာဆောက်လုပ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...