လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကြောင့် ကရင်နီတွင် ကလေးတိုင်း ကာကွယ်ဆေး ထိုးနိုင်ရန် ခက်ခဲနေဆဲ

လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကြောင့် ကရင်နီတွင် ကလေးတိုင်း ကာကွယ်ဆေး ထိုးနိုင်ရန် ခက်ခဲနေဆဲ
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)

ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး အခက်အခဲများကြောင့် နယ်မြေဒေသအသီးသီးမှ ကလေးငယ်တိုင်း ကာကွယ်ဆေး ထိုးနှံနိုင်ရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောသည်။

သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အာဏာသိမ်းချိန်မှ ၅ နှစ်ကျော်ကာလအတွင်း ထိန်းချုပ်နယ်မြေ အသီးသီးတွင် ကာကွယ်ဆေး ထိုးနှံပေးခဲ့သော်လည်း ကလေးငယ်တိုင်းကို ထိုးနှံပေးနိုင်ခဲ့ခြင်း မဟုတ်ကြောင်း သိရသည်။ IEC ကျန်းမာရေးဌာန၏ ပြောဆိုချက်အရ ထိန်းချုပ်နယ်မြေများအတွင်း ၅ နှစ်ကျော် ကာလအတွင်း ကလေးငယ် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ကာကွယ်ဆေး ထိုးပေးနိုင်သေးသည်။

IEC ကျန်းမာရေးဌာနမှ ဌာနမှူးကြီး ခွန်းဖိလစ်က “လော‌လောဆယ်တော့ ကျနော်တို့ လိုသလောက်အရေအတွက် အပြည့်တော့ မရသေးဘူး။ ကာကွယ်ဆေးက တော့ cold chain လို့ခေါ်တဲ့ အအေးကွင်းဆက်နဲ့ သယ်ရတဲ့ခါကျ တော့ ပေးတဲ့လူကလည်း အလေအလွင့် ဖြစ် သွားမှာစိုးလို့ ကျနော်တို့ လိုသလောက် မပေးနိုင်သလို အားလုံးရ အောင်တော့ လုပ်ဖို့တော့ အခြေအနေလည်း မပေးသေးဘူး‌ပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး ကြောင့်ပဲ ကျနော်တို့ အပြည့်အဝမလုပ်နိုင်သေးဘူး” ဟု ပြောသည်။

ပုံမှန်အားဖြင့် ကာကွယ်ဆေးကို သိုလှောင်စဉ် သို့မဟုတ် သယ်ယူပို့ဆောင်စဉ် ဆေးအာနိသင် မပျက်စီးစေရန် အပူချိန် +2°C နှင့် +8°C ကြားတွင် ထိန်းသိမ်းရသည်။ ထို့ကြောင့် ဒေသတစ်ခုမှ တစ်ခုသို့ သယ်ယူရာတွင် ရေခဲပုံးများကို အသုံးပြုကြရကြောင်း ဌာနမှူးကြီး ခွန်းဖိလစ်က ရှင်းပြသည်။

တစ်ဖက်တွင်လည်း ယခုကဲ့သို့ မိုးရာသီကာလ၌ ကရင်နီပြည် ထိန်းချုပ်နယ်မြေများအတွင်း လမ်းနှင့် တံတား ပျက်စီးမှုများ ရင်ဆိုင်နေရသဖြင့် ကာကွယ်ဆေး မပျက်စီးစေရန် ထိန်းသိမ်းသယ်ယူရေးမှာ ပိုမိုခက်ခဲလျက်ရှိသည်။

ထိန်းချုပ်နယ်မြေများ၌ ကာကွယ်ဆေး ထိုးပေးရာတွင် ဆေးအလေအလွင့် မဖြစ်စေရန် စာရင်းကြိုတင်ပေးသွင်း သည့် စနစ်ကို အသုံးပြုရသဖြင့် ဝေးလံခေါင်ပါးသည့် ဒေသများမှ ကလေးငယ်များအတွက် အချိန်မီ ကာကွယ် ဆေး ထိုးနှံနိုင်မှု လျော့နည်းစေကြောင်း ဒေသခံများက ပြောသည်။

ဖရူဆိုမြို့နယ်၊ တော်ခူစစ်ရှောင်စခန်းမှ ဖခင်တစ်ဦးက ၎င်း၏ ၃ လသား သမီးငယ်အတွက် ကာကွယ်ဆေးထိုးရန် စာရင်းသွင်းထားသော်လည်း စစ်ရေးအခြေအနေကြောင့် ဆေးထိုးမှု ရပ်ဆိုင်းလိုက်ရသည့်အပြင် နေရာထပ်မံ ပြောင်းရွှေ့ခဲ့ရသဖြင့် အခက်ကြုံခဲ့ရကြောင်း ပြောပြသည်။

“ကျနော့်သမီးကတော့ ထိုးဖို့လည်း လိုနေပြီပေါ့နော။ ၃ လကျော်နေပြီ။ တစ်ခါပဲထိုးရသေးတယ်ဆိုတော့ ၃ လ ကျော်တဲ့အတွက်ကြောင့်မို့လို့ ထိုးရတော့မယ့်အနေအထားမှာ ရှိတယ်ပေါ့။ ဒီမှာလည်း ထိုးလို့မရဘူး။ ဒီအုပ်စု က စာရင်းဇယားနဲ့ လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ တခြားအုပ်စုမှာ လှမ်းမေးတယ်ပေါ့နော။ အဲ့ဘက်မှာ ကာ ကွယ်ဆေးထိုးလို့ရလား မေးတော့ ထိုးလို့ရတယ်တဲ့။ ထိုးလို့ရတယ်ပြောတော့ ကျနော်တို့ ဆိုင်ကယ်နဲ့ သွားထိုးရ တယ်။ လမ်းခရီးကတော့ တစ်နာရီခွဲ နှစ်နာရီတော့ ကြာတယ်ပေါ့” ဟု ၎င်းက ပြောသည်။

၎င်းတို့ ယခင်နေထိုင်ခဲ့သည့် ဒေသအုပ်စုတွင် စစ်ရေးအခြေအနေကြောင့် ကလေးငယ် အယောက် ၂၀၀ စလုံး ကာကွယ်ဆေးထိုးနှံမှု လတ်တလော ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး စီမံချက်အရ မွေးစမှ အသက် ၁၀ နှစ်အတွင်း တီဘီ၊ ငါးမျိုးစပ်၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးရသည်။

ကာကွယ်ဆေးများကို သတ်မှတ်အသက်အရွယ်တွင် မထိုးနိုင်ပါက ရောဂါကာကွယ်နိုင်ရေး ကိုယ်ခံအား ရရှိမှု နောက်ကျသွားနိုင်သလို လိုအပ်သည့် ဆေးပမာဏ (Dose) မပြည့်ပါကလည်း အပြည့်အဝ ကာကွယ်မှု မရရှိနိုင်ကြောင်း ကရင်နီတွင် ဆေးကုသပေးနေသည့် အထွေထွေကျန်းမာရေး ဒေါက်တာ လီလီက ရှင်းပြသည်။

“ကာကွယ်ဆေးတွေကို သတ်မှတ်အသက်အရွယ်မှာ မထိုးနိုင်ဘဲ နောက်ကျသွားရင် ကာကွယ်ဆေးနဲ့ ကာကွယ် နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ ကလေးရဲ့ ကိုယ်ခံအားရရှိမှု နောက်ကျသွားနိုင်ပါတယ်။ Dose (လို အပ်တဲ့ဆေးပမာဏ) မပြည့်သေးရင်လည်း ကာကွယ်မှု အပြည့်အဝ မရနိုင်ပါဘူး။ ဒါကြောင့် ကလေးရဲ့ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့အချိန်မှာ အချိန်မီ ထိုးပေးနိုင်တာ အကောင်းဆုံးပါ။”

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကာကွယ်ဆေး မထိုးရသေးသည့် ကလေးသူငယ် ၁ သန်းခန့် ရှိ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၄ ခုနှစ် စစ်တမ်းများ၌ ဖော်ပြထားသည်။

တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂ (UN) ထံမှ ဆေးများ ရရှိသော်လည်း သိုလှောင်ရုံများ အတွက် လျှပ်စစ်ဓာတ်အား လိုအပ်မှုနှင့် လေကြောင်းအန္တရာယ်ကြောင့် အပြည့်အဝ မဆောင်ရွက်နိုင်သေးပေ။

ခွန်းဖိလစ်က “အခုက သွားလာရေးကစ လုံခြုံရေးကစ အခက်အခဲရှိတော့ အန္တရာယ်လည်း တအားများတယ်။ ခရီး သွားတယ်ဆိုရင် လမ်းပဲ ကြည့်မနေရဘူး။ မိုးကောင်းကင်လည်း မော့ကြည့်ရတယ်။ ကောင်းမွန်လာတဲ့ အခြေအနေ မရောက်မချင်းကတော့ အခက်အခဲ ရှိနေအုံးမှာပဲ” ဟု ဆက် ပြောသည်။

ကရင်နီပြည်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများ၌ ကာကွယ်ဆေး ထိုးနှံပေးမှု အတော်အတန် ပုံမှန်ရရှိနေသော်လည်း ဝေးလံခေါင်ပါးသည့် ဒေသများမှ ကလေးငယ်များမှာမူ ကာကွယ်ဆေး ပုံမှန်ထိုးခွင့်ရရှိရန် ခက်ခဲနေဆဲဖြစ်သည်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...