ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲများ အပြင် စစ်အုပ်စုတပ်ဘက်က လေကြောင်းပါ အသုံးပြု၍ တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်အုပ်စု သင်္ဘောများ ဗန်းမော်နှင့် ရွှေကူမြို့ဘက်သို့ ရောက်ရှိနိုင်ရေး လမ်းကြောင်းလုံခြုံရေးယူရန် စစ်အုပ်စု တပ်က အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးစစ်ဆင်နေသော်လည်း ယနေ့အချိန်ထိ ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။
ဗိုလ်မှူးကြီးနော်ဘူက “အဓိကက ဗန်းမော်ဘက် သင်္ဘောကျော်တက်နိုင်ဖို့ လမ်းလုံခြုံရေးယူတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ရွှေကူဟာ လက်ရှိတိုက်ပွဲပြင်းထန်ပြီး နေ့တိုင်းတိုက်ပွဲရှိတယ်။ လေယာဉ်၊ ဒရုန်း၊ လက်နက် ကြီး/ငယ် ပစ်တယ်” ဟု ပြောသည်။
ဩဂုတ်လ ၂၄ ရက် နံနက် ၃ နာရီမှ ၅ နာရီခန့်အထိ ရွှေကူစစ်မျက်နှာပြင်၌ မြေပြင်တိုက်ပွဲများအပြင် လေကြောင်းမှပါ နှစ်ဖက်တပ်ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
စစ်အုပ်စုတပ်များသည် ငါးအိုးမှ ရွှေကူသို့ သွားသည့် လမ်းကြောင်း ၃ ခုအပြင် ကိုင်းရွာ၊ တော်လန်နှင့် အထက် လေးလမ်းဆုံဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် တက်လာကြခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ KIA ပူးပေါင်းတပ်ဖွဲ့များဘက်မှ နယ်မြေလက်လွှတ်လိုက်ရခြင်း မရှိသလို စစ်အုပ်စု၏ သင်္ဘောများလည်း ကချင်ပြည်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။
စစ်အုပ်စုတပ်က သင်္ဘောများ လုံခြုံရေးအတွက် လေကြောင်းမှပါ တိုက်ခိုက်နေသဖြင့် မြစ်ကြောင်းတစ် လျှောက် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အထူးသတိထားကြရန် ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆို သည်။
အလားတူ ဗန်းမော် စစ်မျက်နှာပြင် ဘက်တွင်လည်း မြို့တွင်း ရပ်ကွက်အချို့သို့ စစ်အုပ်စုတပ်က မြေပြင် စစ်ကြောင်းထိုးနေသလို ကုန်းမဟတ်နှင့် ဟန်းတဲဘက်သို့လည်း လက်နက်ကြီး/ငယ်များအပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
သို့သော် စစ်အုပ်စုတပ်ဘက်မှ စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသလို KIA ပူးပေါင်းတပ်များဘက် မှလည်း ဆုတ်ခွာပေးခြင်း မရှိဘဲ စစ်ရေးတင်းမာလျက်ရှိသည်။ လက်ရှိတွင် ဗန်းမော်၊ ရွှေကူ၊ ဖားကန့်၊ ဝိုင်းမော် နှင့် ခေါင်လန်ဖူး စသည့်ဒေသများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။







