ပလက်ဝ၌ စစ်တပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

ပလက်ဝ၌ စစ်တပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျောက်တော်-ပလက်ဝ ကားလမ်းဘေးရှိ စိမ်းညင်းဝကျေးရွာနှင့် ရွာအနီး လူစည်ကားသည့် နေရာအချို့ကို ဩဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီကျော်တွင် စစ်အုပ်စု၏ ဂျက်တိုက်လေယာဉ် ၂ စီးက ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံးနှင့် ရော့ကတ်ဗုံးသီး ၈ လုံးတို့ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးသီးများအနက် စိမ်းညင်းဝကျေးရွာ၏ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအဆောင်တွင် ၁ လုံးနှင့် ရွာအတွင်း ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဒေသခံတစ်ဦးက “သေဆုံးသွားတဲ့သူတွေကတော့ ပွဲချင်းပဲ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ဒဏ်ရာပြင်းတဲ့ သူတွေ ပါနေတယ်။ အခုတော့ အရေးပေါ်ဆေးကုသပေးထားရတယ်” ဟု ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ်သန္တာဖြူ (၇၁ နှစ်)၊ မောင်မြတ်ကျော်နိုင် (၁၀ နှစ်)၊ ဒေါ်ခိုင်ခိုင်စိုး (၄၆ နှစ်)၊ ဒေါ်မသန်းဝင်း (၃၆ နှစ်) နှင့် မောင်ထက်မြတ်ကျော် (၁ နှစ်) တို့ နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ထို့ပြင် အသက် ၄ နှစ်မှ ၁၃ နှစ်အရွယ် ကလေးငယ် ၁၀ ဦး အပါအဝင် ဒေသခံ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံအဆောင်၊ ဆွမ်းစားဆောင်တို့နှင့် လူနေအိမ် ၁၉ ဆောင် ပျက်စီးသွားခဲ့ သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းကလည်း ပလက်ဝမြို့အဝင်ဆိုင်းဘုတ်အနီးကို စစ်အုပ်စု၏ ဂျက်တိုက် လေယာဉ်တစ်စီးက ရော့ကတ်ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၁၂ ရက် ညပိုင်းကလည်း ဆမီးမြို့၊ ရပ်ကွက် (၂) သို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခဲ့ သဖြင့် မိန်းကလေးငယ်တစ်ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - Paletwa Times

Most read this week

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...