(၅၃) နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ စစ်တွေတွင်ကျင်းပ

(၅၃) နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ စစ်တွေတွင်ကျင်းပ

ထွန်းခိုင်—  ၅၃ နှစ်မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ကြီးမှူးပြီး ဩဂုတ် ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က စစ်တွေနည်းပညာ တက္ကသိုလ်တွင် ပြုလုပ်ကျင်းပခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် စာတမ်းဖတ်ခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ ၅၃ နှစ်မြောက် ဆန်ပြဿနာနေ့ကို ဝမ်းနည်းအောကမေ့ဖွယ် အနေနဲ့ရော၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းမေတ္တာတွေ ပို့သတဲ့အနေနဲ့ရော ကျင်းပ ပြုလုပ်ရတာဖြစ်တယ်” ဟုပြောသည်။

သြဂုတ် ၁၃ ဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လက်ညွှန်းချက်အတိုင်း တစ်ယောက်နှင့် တစ်ယောက် ၆ ပေအကွာနေထိုင်ပြီး ကျင်းပခဲ့ကြောင်း သိရှိရသည်။

၎င်းပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးခန့် တက်ရောက်ခဲ့ပြီး မနက် ၁၁ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ဟာ လုံးဝကို မေ့လို့မရတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ရခိုင်ပြည်နယ်ဟာ ဆန်ရေစပါး ပွားများတဲ့ ဒေသတစ်ခုဖြစ်တယ်။ ဒါကို အာဏာရှင်တွေက မင်းတို့ ထမင်းမစားနဲ့ကွာ မုန့်တီသောက်၊ ဆန်ခွဲတွေကို စားကြဆိုပြီးတော့ ပြောခဲ့ကြတယ်။ အဲလိုအခြေအနေမျိုးဟာ လုံးဝမဖြစ်သင့်တဲ့ အနေအထား ဖြစ်တယ်။ သူတို့ဟာ တိုင်းရင်းသားတွေဖြစ်တယ်။ နိုင်ငံသားတွေဖြစ်တယ်။ ဆန်တောင်းတာလောက်နဲ့ လူတွေအများကြီး သေခဲ့ရတယ်။ ဒီနေ့ဟာ သမိုင်းမှာ မေ့လို့မရတဲ့ နေ့တစ်နေ့လည်းဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

ဦးနေဝင်း ဦးဆောင်သည့် မဆလ အစိုးလက်ထက် ၁၉၆၇ ခုနှစ် မိုးရာသီတွင် ဆန်ရေးစပါး ရှားပါးပြီး ရခိုင်တွင် အငတ်ဘေးကြုံရသဖြင့် ၁၉၆၇ ခုနှစ်သြဂုတ် ၁၃ ရက်နေ့တွင် စစ်တွေမြို့လမ်းမပေါ်သို့ ထွက်ပြီး ပြည်သူများက ဆန်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြတောင်းဆိုသူများ ချီတက်လာစဉ် မြဆန်စက်အနီးတွင် စစ်တပ်က သေနတ်ဖြင့် ပစ်သဖြင့် လူပေါင်း ၂ဝဝ ကျော်သေဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

အစိုးရမူ ၁၇ ဦးသာ သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

၁၉၆၇ ခုနှစ် သြဂုတ် ၁၃ နေ့တွင် စစ်တွေမြို့တွင် ဆန်ရရှိရေး တောင်းဆိုတိုက်ပွဲ ဝင်ခဲ့သူအများအပြား ကျဆုံးခဲ့ရသဖြင့် အဆိုပါနေ့ကို ၁၃ သြဂုတ် စစ်တွေ ဆန်ပြဿနေ့ အဖြစ် သတ်မှတ်ပြီး ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင် ကျင်းပကြသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...