သစ်တောပိုင်မြေအတွင်း ချုံရှင်းခဲ့လို့ တရားစွဲဆိုခံရတဲ့ ဓမ္မဆရာ အမှု ၊ အမှုပုံမှန် မစစ်နိုင်

သစ်တောပိုင်မြေအတွင်း ချုံရှင်းခဲ့လို့ တရားစွဲဆိုခံရတဲ့ ဓမ္မဆရာ အမှု ၊ အမှုပုံမှန် မစစ်နိုင်

ခွန်းကလိုင်းဖရီး — ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်ထဲက ဘန့်ဘာကျေးရွာအုပ်စု၊ တတန်ကူးကျေးရွာမှာ သစ်တောနယ်မြေကို ခြုံခုတ်ရှင်းလင်းမှုကြောင့် တရားစွဲဆိုခံရတဲ့ ဓမ္မဆရာ အမှုကို ပုံမှန် မစစ်ဆေးနိုင်ဘူးလို့ သွားရောက်ဝန်းရံခဲ့တဲ့ ခွန်းဂျွန်သန်းကပြောပါတယ်။

သွားရောက်ဝန်းရံသူဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဝင် ခွန်းဂျွန်သန်းက “တရားသူကြီးကနေပြီးတော့လည်း ရုံးချိန်းတွေက တစ်ပတ်တစ်ခါချိန်းတယ်။ ပြီးတော့ အမှုကလည်း ပုံမှန် စစ်ဆေးတာလည်း မရှိဘူးပေါ့နော်။ ရွာကနေ ပင်လောင်းတရားရုံးထိလာမယ်ဆိုရင် အချိန်က (၃) ရက်လောက်ပေးရတော့ တရားစွဲခံရသူလည်း အလုပ်အကိုင်အရမ်းပျက်တယ်။ ပြီးတော့ အရမ်းနဲ့ အခက်အခဲဖြစ်နေတယ်။”

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကပြီး အဆိုပါဓမ္မဆရာကို တရားစွဲဆိုထားတဲ့ ဒီအမှုဟာ ရုံးချိန်း ၇ ကြိမ်ချိန်းဆိုထားပြီး ၎င်းရုံးချိန်းတွေအနက် ၃ ကြိမ်မှာ သက်သေ (၃) ဦးကိုသာ စစ်ဆေးနိုင်သေးတယ်လို့ ဆိုပါတယ်။

သြဂုတ် ၇ ရက်နေ့က ကယန်းမျိုးဆက်သစ်လူငယ်နဲ့ ကယန်းအမျိုးသမီးအစည်းအရုံး အဖွဲ့တွေ သွားရောက် ဝန်းရံခဲ့တဲ့ (၇) ကြိမ်မြောက် နောက်ဆုံးအကြိမ် ရုံးချိန်းမှာလည်း တရားသူကြီး အပြောင်းအလဲကြောင့် အမှုမစစ်ဆေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

တတန်ကူးကျေးရွာနယ်နိမိတ်အတွင်းက “ဟား” ရေတံခွန်မှာ ၂၀၁၉ ကတည်းက တည်ထားကိုးကွယ်တဲ့ မယ်တော်ရုပ်တုအနီးမှာ ဝတ်ပြုဆုတောင်းဖို့ နေရာအတွက် ကျေးရွာသားတွေက ချုံပုတ်တွေကို ခုတ်ထွင်ရှင်းလင်းခဲ့လို့ အခုလို ဓမ္မဆရာကို တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ သစ်ပင်လှဲတာလည်း မဟုတ်ဘူးပေါ့နော်။ အဲ့မှာ မယ်တော်တည်တယ်။ အဲ့တစ်ခုပါပဲ အဓိက က။ ပွဲအခင်းအကျင်းလုပ်ဖို့အတွက် အောက်ခြေပေါင်းတွေပေါ့နော်။ အဲ့လိုမျိုးလူတွေ နားနေနိုင်အောင် ချုံရှင်း လင်းတဲ့သဘောပဲပေါ့နော်။ သူ့ စွဲချက်ထဲမှာလည်း ချုံရှင်းလင်းတယ်ဆိုတဲ့အတိုင်း ထည့်တာပေါ့နော်။” လို့ တရားစွဲခံထားရတဲ့ ကက်သလစ်ဓမ္မဆရာ ခွန်းမောင်ပြုံးက ပြောပါတယ်။

သစ်တော ဦးစီးဌာန က ခွန်းမောင်ပြုံးကို သစ်တောဥပဒေပုဒ်မ ၄၀ (က) နဲ့ ပုဒ်မခွဲ (၃) ဖြစ်တဲ့ သစ်တော ပိုင်မြေပေါ်ခွင့်ပြုချက်မရှိပဲ ခုတ်ထွင်ရှင်းလင်းမှု၊အဆောက်အဦးတည်ဆောက်ထားမှု တွေနဲ့ တရားစွဲဆိုထားတာပါ။

ဒီပုဒ်မဟာ ပြစ်မှု၊ ပြစ်ဒဏ်အနေနဲ့ အများဆုံးထောင်ဒဏ် ၆ လ နဲ့ ငွေဒဏ် ၃ သိန်း အထိ ကျခံရနိုင်ပါတယ်။

တရားသူကြီးမှ တရားရုံးချိန်းကို မကြာခဏ ခေါ်ပေမယ့် အမှုမစစ်ဆေးနိုင်တဲ့တွက် တရားစွဲဆိုခံရတဲ့ ဓမ္မဆရာအနေနဲ့ ပင်လောင်းမြို့နယ် တရားရုံးကို ကုန်းလမ်း၊ ရေလမ်းတွေနဲ့ အချိန် (၃) ရက်ကြာလာရတဲ့အတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

တရားစွဲခံထားရတဲ့ ဓမ္မဆရာနေထိုင်တဲ့ တတန်ကူးကျေးရွာဟာ အိမ်ခြေ (၁၆) အိမ်ရှိပြီး ကယန်း လူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ပြီးတဲ့ ဇန်နာဝါရီလ ၂၄ ရက်နေ့က အဆိုပါ တတန်ကူးရွာသားတွေ တည်ထားကိုးကွယ်တဲ့ မယ်တော်ရုပ်တုကို လက်နက်ကိုင် တစ်စုက ပစ်ခတ်ဖျက်ဆီးခဲ့တာနဲ့ ကြုံခဲ့ရပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...