တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စေတီပြင်ရွာထဲစစ်ဆေးမှုများရှိ

တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စေတီပြင်ရွာထဲစစ်ဆေးမှုများရှိ

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနောက်ဘက် ၃ ဖာလုံခန့်အကွာ ကားလမ်းပေါ်တွင် သြဂုတ် ၇ ရက် ညနေ ၄ နာရီကျော်က တပ်မတော်စစ်ကြောင်း တစ်ခု ဖြတ်သွားစဉ် မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယနေ့နံနက်က စေတီပြင်ရွာထဲစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ ကျေးရွာလူကြီးတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ အိမ်ထောင်စုစာရင်းနဲ့ လူတွေကို စစ်ဆေးနေပါတယ်။ အခုအချိန်ထိ စစ်ဆေးနေတုန်းပါဘဲ။ အေးအေးဆေးဆေးမြင်ရပါတယ်။ တစ်အိမ် ဝင်ထွက်စစ်ဆေးနေပါတယ်။ ဖမ်းတာဆီးတာတွေတော့ မရှိသေးပါဘူး” ဟု ဩဂုတ်လ ၈ ရက်နေ့က နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။

သြဂုတ် ၇ ရက်နေ့က သာယာကုန်းကျေးရွာနှင့် အထက်နန်းရာ (ရွာပျက်အကြား) ကန်ပျက်အနီးတွင် တပ်မတော် စစ်ကြောင်းဖြတ်သန်းသွားလာနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းမှ အနီးဝန်းကျင်ကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ မနေ့က မိုင်းပေါက်တော့ လယ်ထဲပျိုးစိုက်နေတဲ့ သူတွေအကုန်လုံးထွက်ပြေးလာကြတယ်။ တပ်ဘက်က လက်နက်ငယ်နဲ့ တုံ့ပြန်ပစ်ခတ်မှု တစ်ချို့ရှိခဲ့ပါတယ်။ ဒါကြောင့် သာယာကုန်းက ရွာသားတွေ စေတီပြင်ရွာထဲကို ပြေးလာကြတာတွေရှိတယ်။ ဒီနေ့ မနက်တော့ စေတီပြင်ရွာကို စစ်တပ်က အပြင်က လုံခြုံရေး ယူထားပြီး နယ်ခြားစောင့်တပ်ဖွဲ့က ဝင်စစ်ဆေးတာဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ဆေးမှုကို တစ်လမ်းပြီး တစ်လမ်းစစ်ဆေးပြီး အိမ်ထောင်စုစာရင်း၊ လူဦးရေစာရင်းများကို စစ်ဆေးပြီး အိမ်အချို့ကိုလည်း ဓာတ်ပုံရိုက်သည်ဟု စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်အေးညွှန့်က ပြောသည်။

“ အခုဘဲ အလယ်လမ်းကို စစ်ဆေးလို့ ပီးပါတယ်။ နောက်ထက် အနောက်လမ်း၊ အရှေ့လမ်း ကိုယ့်လမ်းနဲ့ ကိုယ်စစ်ပါတယ်။ ဝင်တဲ့အိမ်ကိုဝင်တယ်။ မဝင်တဲ့အိမ်ကိုလည်း မဝင်ပါဘူး။ အခုထိစစ်နေတုန်းပါဘဲ” ဟု နံနက် ၉ နာရီ ၄၅ မိနစ်က ဆက်သွယ်စဉ် ၎င်းက ပြောကြားသည်။

ရသေ့တောင်မြို့နယ်၊ အနောက်ဘက် မယူကမ်းစေတီပြင်နယ်မြေ အနီးတစ်ဝှိုက်တွင် လက်ရှိကာလအတွင်း တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့ကလည်း မေယူတောင်ထဲတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

စေတီပြင်ကျေးရွာသည် အိမ်ခြေ ၈ဝဝ ခန့်ရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့ အခြေစိုက်ထားသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...