PPP ပါတီ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်မှာသာ ယှဉ်ပြိုင်မည်

PPP ပါတီ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်မှာသာ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၆) - ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party-PPP)အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တစ်ခုတည်းမှာသာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဒုဥက္ကဌ-၄ ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အတွင်းက ပြည်နယ်တော်လွှတ်တော် (၁) (၂)အပါအဝင် ပြည်သူ့လွှတ်တော်နဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

” နဂိုကတည်းက ပြည်နယ်တွေမှာ ဝင်ပြိုင်ဖို့ကမရှိဘူး၊ တိုင်းတွေကိုပဲ အဓိကထားတယ်၊ ပြည်နယ်နဲ့ပတ်သက်လို့က ဘီးလင်းက ဗမာတွေအများစုရှိတယ်၊ ပြည်နယ်ဘက်ကလည်း လုပ်မယ်ဆိုပြီးဖြစ်လာတော့ အကြိမ်ကြိမ်ပြန်စဉ်းစားပြီးတော့မှပါ၊ မွန်မှမဟုတ်ပါဘူး၊ အချို့ပြည်နယ်တွေမှာဝင်တယ်ဆိုပေမယ့် အားလုံးဖြန့်ပြီးဝင်တာမဟုတ်ဘဲနဲ့ ဘာကြောင့် ပါတီအနေနဲ့ ဝင်ပြိုင်သင့်တာလဲဆိုတာ စဉ်းစားတယ်၊ ဝင်ပြိုင်သည့်တိုင်အောင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုပဲ ဦးစားပေးတယ် ”လို့ ပါတီ ဒုဥက္ကဌ-၄ ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောပါတယ်။

ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေရဲ့ ဒေသခံ တိုင်းရင်းသားတွေအပေါ် အာမခံချက်အပြင် တန်းတူညီမျှအခွင့်အရေးပေးဖို့ မျှော်လင့်တယ်လို့ မွန်ပြည်နယ်လူထုဆုံရပ် ဥက္ကဌ ဦးမောင်မောင်ဇော်ထွန်းက ပြောပါတယ်။

“အဓိကတော့ တိုင်းရင်းသားလူမျိုးတွေအတွက် အာမခံချက်ပေးနိုင်တာမျိုး တည်ဆောက်လာဖို့လိုပါတယ်၊ တန်းတူညီမျှရေးကိုလုပ်ပေးမယ့် ဗမာပါတီဆိုတာမပေါ်ထွက်လာသေးဘူး၊ သူတို့ပညာတတ်အသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေ တန်းတူညီမျှရေးအတွက် အာမခံချက်နဲ့ ပင်လုံကတိကဝတ်တွေကို သူတို့ပါတီဘက်က လိုက်လျောမယ်၊ သဘောတူမယ် ချဉ်းကပ်ပြီးလုပ်လာရင်တော့ ဗမာပါတီထဲမှာ ထူးခြားတဲ့ပါတီတစ်ခုဖြစ်လာနိုင်ပါတယ် ” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဩဂုတ်လ (၄) ရက်နေ့အထိ ပါတီ (၁၅) ခု ကျော်ကနေ ကိုယ်စားလှယ်လောင်းအမည်စာရင်း လျှောက်လွှာတင်သူ (၁၄၄) ဦး ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – ရဲနိုင်

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...