ဂါးရာယန်စစ်ပြေးဒုက္ခသည်များ ကျေးရွာဘုရားကျောင်းဝင်းကို သွားရောက်ရှင်းလင်း

ဂါးရာယန်စစ်ပြေးဒုက္ခသည်များ ကျေးရွာဘုရားကျောင်းဝင်းကို သွားရောက်ရှင်းလင်း

ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသော ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာတွင် ဒေသခံများက လူအင်အားဖြင့် ကျေးရွာဘုရားကျောင်းဝင်းကို သွားရောက် ရှင်းလင်းခဲ့ကြသည်ဟု သိရသည်။

စစ်ပြေးဒုက္ခသည်စခန်းတွင် ၉ နှစ်ကျော်ခိုလှုံခဲ့ပြီးနောက် နေရပ်ပြန်ရန်လုံခြုံမှုမရှိသေးသော်လည်း မိမိကျေးရွာဒေသသို့ ပြန်လည်အခြေချလိုသောဆန္ဒဖြင့်သာ ဇူလိုင် ၁၈ ရက်နေ့တွင် သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျေးရွာတစ်ခုမှာ ကျွန်တော်တို့အတွက် ဘုရားကျောင်းဆိုတာ အရေးကြီးဆုံးဖြစ်တယ်။ အများပိုင်နေရာဖြစ်တယ်။ တစ်ခြားကိုယ့်နေအိမ် တစ်ခြားနေရာတွေမရှင်းလင်းနိုင်ရင်တောင် ဘုရားကျောင်းဝင်းလေးတော့ ခြုံတွေခုတ် ရှင်းလင်းထားနိုင်ပါစေ။ ဒီနေရာလေးကို ရှင်းလင်းထားနိုင်ရင်တော့ ကျွန်တော်တို့ဘယ်သူမဆို စိတ်ချမ်းသာခွင့်ရတယ်။ ဖြတ်သွားသူတွေလဲ ရွာဆိုတာကောင်းကောင်း တွေ့နိုင်အောင် ကျွန်တော်တို့အတွက်လဲ ကိုယ့်ရွာဆိုပြီး ညွန်းစရာရှိတယ်။’ ဟု ဂါးရာယန်ဒေသခံ ဦးဘရန်မိုင်က ပြောသည်။

နေရပ်ပြန်ခွင့်မရသေးသော်လည်း ဂါးရာယန်စစ်ရှောင်ပြည်သူများသည် ကျေးရွာသို့သွားရောက်ပြီး ခြုံခုတ်ရှင်းလင်းခဲ့သည်မှာ ယခုနှစ်အပါ ၂ ကြိမ်ရှိပြီဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ရွာသားတွေကို နှိုးဆော်ပြီး အခုလိုသွားလုပ်ဖို့ပြောတာတော့မရှိခဲ့ဘူး။ တကယ်ဆိုကျွန်တော်တို့ ဘုရားကျောင်းလေးကို ခြုံခုတ်ရှင်းလင်းဖို့ စီစဉ်ရာ လူသိပ်မများဘဲသွားဖို့လုပ်တာ။ သူတို့အနေနဲ့ ကိုယ့်နယ်ရပ်ကို သတိရလွန်းနေတော့ သွားချင်ကြတာနဲ့ လူနည်းနည်းများသွားတာ။ သူတို့မှာ ကိုယ်နေရပ်ပြန်ချင်တဲ့ ဆန္ဒတွေလည်း အပြည့်ှရှိနေပြီ။” ဟု ဂါးရာယန်မြေယာကာကွယ်ရေးကော်မတီမှ ဆရာတူးနန်က ပြောသည်။

လူထုအင်အား ၇၀ ကျော်ဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဝင်းကို သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြန်ခွင့်မရသေးသည့်ကာလအတွင်း ထိုနေရာများသည် မူလပိုင်ရှင်ရှိကြောင်းကို ပြသလိုသောဆန္ဒဖြင့် လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း ပြောသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်မပေါ်တွင်ရှိသော ဂါးရာယန်ကျေးရွာသည် ၂၀၁၁ ခုနှစ်ကစပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကျေးရွာဖြစ်သည်။

ဂါးရာယန်ကျေးရွာနှင့် ကပ်လျှက်တည်ရှိသော ကဇူးကျေးရွာတွင် လူအခြေချနေထိုင်မှုမရှိသော်လည်း လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ဒေသခံများစုပေါင်းကာ ခရစ္စမတ်ပွဲတော်ကိုသွားရောက်ပြုလုပ်ခဲ့ကြသည်။

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ယခုနှစ်အတွင်း စစ်ရှောင်ကျေးရွာ ၁၇ ရွာကို နေရပ်ပြန်ပို့ရန် ရွေးချယ်ထားသော်လည်း ကျေးရွာ ၁ ရွာကိုသာ ပို့နိုင်သေးသည်။

KHCC ၏ နေရပ်ပြန်ပို့ရေးစီမံချက်တွင် သတ်မှတ်ထားသောအချက်မှာ ယနေ့ထိ ရွာမပျက်ဘဲရှိနေဆဲကျေးရွာ၊ အစိုးရနှင့် KIO နှစ်ဖက်စလုံး၏ အုပ်ချုပ်မှုအာဏာရောနှောမှု မရှိသောကျေးရွာ စသည့်အချက်တို့ဖြစ်သည်ဟု KHCC မှ သိရသည်။

ဂါးရာယန်ကျေးရွာသည် တပ်မတော်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ ကျေးရွာအတွင်းတိုက်ပွဲကြောင့် လူသူမရှိတော့ပဲ ပျက်စီးကာ ခြုံနွယ်များဖြင့် အုပ်ဆိုင်းနေသော ရွာပျက်ဖြစ်နေသည်မှာ ၉ နှစ်ရှိလာပြီဖြစ်သည်။

......

ဂါးရာယန်ကျေးရွာဘုရားကျောင်းကိုသွားရောက်ရှင်းလင်းနေပုံ (Photo – Gumjanaw Nhkum)

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...