စောရှား — ယခုနှစ်သြဂုတ် ၁၂ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့တွင် စောဘဦးကြီး၏ဇာတိ ကန်ကြီး ထောင့်မြို့နယ်၊ ဘဲကရက်ကြီးရွာ၌ စောဘဦးကြီးခန်းမ ဖွင့်လှစ်သွားမည်ဟု အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မန်းကျော်စိုးမိုးက ဇူလိုင် ၁၅ ရက်တွင် ပြောသည်။
၎င်းက “ဒီနှစ် အာဇာနည်နေ့ဟာ နှစ် ၇၀ ပြည့်နှစ် ဖြစ်တဲ့အတွက်ကြောင့် ထူးထူးခြားခြားလေး ဖြစ်အောင် ကော်ခိုစော ဘဦးကြီးရဲ့ ဇာတိဖြစ်တဲ့ ဘဲကရက်ကြီးမှာ Saw Ba Oo Gyi Memorial Hall ဖွင့်လှစ်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ခန်းမဖြစ်မြောက်ရေးအတွက် ဒေါကလူကွန်ရက် ( Dawkalu Network) ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာ အလှူရှင်များက ကျပ်သိန်း ၆၀၀ ခန့်နှင့် ဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြစ်ဝကျွန်းပေါ် ဒေသခံအ လှူရှင်များထံမှ ကျပ်သိန်း ၁၀၀ နီးပါး လှူဒါန်းငွေများဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။ ခန်းမအတွက် ကျပ်သိန်း ၇၀၀ ကျော်ခန့်ကုန်ကျမည်ဟု ခန်းမဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
သို့သော် Covid-19 ကာကွယ်တိုက်ဖျက်ရေးလုပ်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် ဘဲကရက်ကြီး၌ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အား မည်သို့ကျင်းပသွားမည်ကို ကော်မတီအတွင်း ဆက်ဆွေးနွေးသွားရန်ရှိကြောင်း မန်းကျော် စိုးမိုးက ဆက်ပြောသည်။
ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး၏ဇာတိ ဘဲကရက်ကြီး၌ စောဘဦးကြီး အထိမ်းအမှတ် ကျောက်တိုင်ကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အာဇာနည်နေ့အခမ်းအနားနှင့် ဝတ်ပြုဆုတောင်းပွဲများကို ၄ နှစ်ဆက်ကျင်းပခဲ့ရာ ဒေသအသီးသီးမှ ကရင်များ လာရောက်အလေးပြုလွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကရင့်တော်လှန်ရေးတစ်လျှောက် အသက်ပေးသွားခဲ့ကြသူများအား ဂုဏ်ပြုသည့်အနေဖြင့် ကရင့်ခေါင်းဆောင် စော ဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ ကျဆုံးခဲ့သည့် ၁၉၅၀ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့ ကို ကရင်အာဇာနည်နေ့အဖြစ် KNU-ကရင်အမျိုးသားအစည်းအရုံးက သတ်မှတ်ခဲ့ပြီး အာဇာနည်နေ့ အခမ်းအနားကို ကေအဲန်ယူထိန်းချုပ် နယ်မြေအသီးသီးတွင် နှစ်စဉ်ကျင်းပခဲ့သည်။
ထို့အပြင် ပြည်ပရောက် ကရင်အသီးသီးကလည်း ရောက်ရှိဒေသများတွင် နှစ်စဉ်ကျင်းပမှုများရှိသလို ပြည်တွင်း၌ အစိုးရနှင့် ကေအဲန်ယူတို့ ၂၀၁၂ ခုနှစ်၊ အပစ်ရပ်ပြီးနောက်ပိုင်း ရန်ကုန်မြို့၊ မြစ်ဝကျွန်း ပေါ်ဒေသနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း အသီးသီးကျင်းပခဲ့သည်။
ယခုလို ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့တွင် ကျင်းပမှုများ အပေါ် ၂၀၁၈ ခုနှစ်မှစ၍ အစိုးရက တားဆီး သည့်အသွင်မျိုး ပြုလုပ်လာသလို ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ယခင်ကျင်းပ နေကျခန်းမတွင် ကျင်းပခွင့် မရသဖြင့် ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပခဲ့မှုအပေါ် ဦးဆောင်သူများကို ထောင် ၁၅ ရက် အစိုးရက ချမှတ်ခဲ့ဖူးသည်။







