အရောင်ဆိုး မှောင်ခိုစက်သုံးဆီများကြောင့် မော်တော်ယာဉ်များ ပျက်စီးနေ

အရောင်ဆိုး မှောင်ခိုစက်သုံးဆီများကြောင့် မော်တော်ယာဉ်များ ပျက်စီးနေ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို အရောင်ဆိုး ရောနှောကာ ဈေးနှုန်းချိုချိုဖြင့် ရောင်းချနေသောကြောင့် ၎င်းဆီများကို ဝယ်ယူအသုံးပြုသည့် မော်တော်ကားနှင့် ဆိုင်ကယ်များ ပျက်စီးမှုများပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလော ဖားအံမြို့နယ်အတွင်းရှိ လိုင်စင်ရ ဆီဆိုင်ကြီးများတွင် လိုင်စင်ရှိ မော်တော်ယာဉ်များ ကိုသာ ရက်စုံ/ရက်မခွဲ၍ စနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ ထို့ကြောင့် ကန့်သတ်ချက်များရှိနေ သည့်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ် အသုံးများသည့် ဒေသခံအချို့မှာ လမ်းဘေးမှောင်ခိုဆီများကို မဖြစ်မနေ ဝယ်ယူသုံးစွဲရာမှ ယာဉ်များ ပျက်စီးရခြင်းဖြစ်ကြောင်း တောင်ကလေးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက "ဖားအံမှာ လမ်းဘေးဆိုင်တွေ ဆီမသန့်တာတွေ ရောင်းတာ များလာတယ်။ ကြည့်လိုက်ရင်တော့ အနီ၊ အဝါ၊ အပြာရောင်ပေါ့။ ထိုင်းဆီ၊ မြန်မာဆီဆိုပြီး ပြောတာပဲ။ အမှန်က အရောင်မှုန့်ထည့်ပြီး ဆေးဆိုးထားတာ၊ မကောင်းတဲ့ဆီတွေ ရောထားတာ။ ဈေးက တစ်လီတာဗူးကို ၆,၀၀၀ ကျပ်ပဲရှိတော့ ဈေးသက်သာလို့ ဝယ်သုံးမိရင် ကားဆို ပန့်တွေ၊ ဆီစစ်အုံတွေ၊ ပလပ်အုံတွေ ပျက်တယ်။ ဆိုင်ကယ်ဆိုရင်လည်း အဆွဲအရုန်းတွေ ကျကုန်တယ်။ ဝပ်ရှော့သွားပြင်တော့မှ ဆီမသန့်လို့ဖြစ်တာဆိုတာ သိရတယ်" ဟု ပြောသည်။

လက်ရှိတွင် အရည်အသွေးစိတ်ချရသည့် ပြင်ပစက်သုံးဆီဆိုင်များ၌ မြန်မာပြည်တွင်းဆီ ပေါက်ဈေးမှာ တစ်လီတာလျှင် ၈,၀၀၀ ကျပ် ရှိနေပြီး ထိုင်းနိုင်ငံထုတ် ပရီမီယံ (Premium) ဆီမှာ ၁၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေးရကြောင်း ဒေသတွင်း စီးပွားရေးလုပ်ကိုင်သူများထံမှ သိရသည်။

ဖားအံမြို့မှ စီးပွားရေးလုပ်ငန်း ပိုင်ရှင်တစ်ဦးကလည်း "လမ်းဘေးဆီက ဌာနဆိုင်ရာတွေကို ခွဲတမ်းပေးတဲ့ မြန်မာ့ရေနံဓာတုစက်ရုံကဆီ ဖြစ်လို့ အရည်အသွေးညံ့တယ်။ နောက်ပြီး ရေနံဆီနဲ့ လက်လုပ်ချက်ဆီတွေကိုပါ ရောရောင်းနေတာ။ အဲဒါကို သုံးမိရင် မီးစက်တွေပါ ပျက်တယ်။ ကျနော်တို့ကတော့ ပီပါနဲ့ ဝယ်တာဆိုတော့ ဆိုင်မှောင်ခိုဈေး တစ်လီတာ ၈,၀၀၀ ကျပ်နဲ့ ဆီအသန့်ကိုပဲ ရှာဝယ်သုံးရတယ်" ဟု ပြောသည်။

အဆိုပါ အရောင်ဆိုးရောနှော စက်သုံးဆီများကို ဖားအံမြို့အဝင်အထွက်နေရာများ၊ တောင်ကလေးနှင့် လှိုင်းဘွဲလမ်းခွဲ လမ်းဆုံများရှိ လမ်းဘေးမှောင်ခိုဆိုင်များတွင် အများဆုံး ရောင်းချနေကြသည်။  လက်ရှိတွင် ကျေးရွာကုန်စုံဆိုင်များအထိပါ တစ်ဆင့်ပြန်လည်ဝယ်ယူကာ ဖြန့်ဖြူးရောင်းချမှုများ ရှိနေကြောင်း သိရသည်။ 

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...