Covid-19 ပညာပေးပန်းချီဆရာ လူငယ် ၃ ဦးအမှု သောကြာနေ့တွင် အပြီးသတ်အမိန့်ချတော့မည်

Covid-19 ပညာပေးပန်းချီဆရာ လူငယ် ၃ ဦးအမှု သောကြာနေ့တွင် အပြီးသတ်အမိန့်ချတော့မည်

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေးပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏ အမှုကို လာမည့် ဇူလိုင် လ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချတော့မည်ဟု သိရသည်။

အဆိုပါအမှုသည် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးက တရားလိုပြုကာ Covid-19 ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ နော်ထွန်းအောင်၊ မစီစီလျာဂျာဆိုင်းနှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနှောင်းတို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ်ပြီး (၉) ကြိမ်မြောက်လျှောက်လှဲချက်အပြီး လာမည့်ဇူလိုင်လ ၁၇ရက်နေ့တွင် အပြီးသတ်အမိန့်ချမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။

“ကျမတို့ဘက်ကတော့ အပြစ်မရှိကြောင်း တင်ပြထားပြီးသား၊ ဒီအမှုမှာကွင်းလုံးကျွတ်လွှတ်ရမယ် ယုံကြည်ထားတယ်။ သူတို့ဘက်က ဗုဒ္ဓဘာသာကိုစော်ကားတယ်ဆိုပြီး အဓိကစွပ်ဆွဲထားတယ်။” ဟု တရားစွဲဆိုခံထားရသည့်ဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၃ရက်နေ့တွင် Covid-19 အန္တာရယ်ကာကွယ်ရေး ပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် မြစ်ကြီးနားဘူတာတိုက်တန်းတွင် နံရံပန်းချီရေးဆွဲခဲ့ပြီး ပုံ၏ဘယ်ဘက်ထောင့်တွင်ပါရှိသည့် သေမင်းတမန်၏ ဝတ်ရုံသည် ဗုဒ္ဓာဘာသာရဟန်း၏ သင်္ကာန်းနှင့် ဆင်တူနေသည့်အတွက် ဝေဖန်မှုများစွာရှိခဲ့ပြီးနောက် ပြည်နယ်သာသနာရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်မှတရားလိုပြုလုပ်ကာ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့နောက် ဧပြီလ ၃၀ ရက်နေ့ ပထမဆုံးရုံးချိန်းတွင် တစ်ဦးလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် အာမခံရရှိခဲ့ကာ မေလ ၅ရက်နေ့တွင် တရားလိုရှေ့နေများနှင့် တရားစွဲဆိုခံထားရသည့်ဘက်မှရှေ့နေများ သီးသန့်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

သို့သော် တရားစွဲဆိုခံထားရသူများဘက်မှ ကျေးအေးပေးခြင်းမရှိသည့်အတွက် အဆိုပါအမှုအား မေလ ၁၁ရက်နေ့မှ တရားလိုဘက်ကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“အဓိက သူတို့စွပ်စွဲတာတော့ နော်ထွန်းအောင်ကိုတော့ ခေါင်းဆောင် ပြီးတော့ ကျမကိုကျတော့ Idea ပေးမှ ဆွဲခိုင်းတယ်ဆိုပြီး ဆွဲထားတာဟုတ်တယ်။ ဇေယျာနှောင်းကိုယ်တိုင်က သူဆွဲထားတာပါဆိုပြီးတော့လည်း ဝန်ခံထားပြီးသားတာတောင် သူတို့က ကျမအလှည့်ရောက်တဲ့ချိန်ကျတော့ ဒါကိုဘဲထပ်မေးတယ်။ ဒါပေမယ့် လျှောက်လှဲချက်တော့ သေချာလုပ်ထားပါတယ်။ ကျမတို့တင်ထားတဲ့ဟာတွေလည်း အမှန်တိုင်းဘဲတင်ထားတာဆိုတော့ တရားမျှမျှတတဘဲ ဆုံးဖြတ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု Covid-19 ပညာပေးအဖွဲ့မှ မစီစီလျာဂျာဆိုင်းက ပြောသည်။

သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)သည် ထောင်ဒဏ် ၂နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...