ဖရူဆိုမြို့နယ် ထီးလိုပူကျေးရွာမှာ ကလေးငယ်၃၀ ခန့် ချောင်းဆိုးသွေးပါရောဂါဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

ဖရူဆိုမြို့နယ် ထီးလိုပူကျေးရွာမှာ ကလေးငယ်၃၀ ခန့် ချောင်းဆိုးသွေးပါရောဂါဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

ဖရူဆိုမြို့နယ် ဟိုယာဒေသ ဒေါလစောအုပ်စု ထီးလိုပူ ကျေးရွာမှာ ကလေးငယ် ၃၀ ဦးခန့်ဟာ ချောင်းဆိုးတဲ့ အခါသွေးတွေပါလာတဲ့အပြင် ချောင်းဆိုးရင်း အကြောဆွဲတာတွေ ဖြစ်နေပြီး သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ စေတနာ့ဝန်ထမ်း မချောစုကပြောပါတယ်။

“တစ်အားဖြစ်နေတာ တစ်အားဖြစ်နေတော့ကျမတို့က စာရင်းကောက်ပြီးတော့မှ ဖရူဆိုဆေးရုံခေါ်သွားတာ ချောင်းဆိုးတာသွေးပါတဲ့ကလေးတွေရှိတယ်၊ တစ်ချို့ကတက်သွားတဲ့ကလေးရှိတယ်ပေါ့နော်။ ချောင်းဆိုးရင်းနဲ့၊ မျက်လုံးအရောင်ပြောင်းသွားတဲ့ကလေးတွေရှိတယ် အကြောနီကုန်တယ်။ အကြောဆွဲကုန်တယ်။ အဲ့လိုကလေးတွေရှိပြီးတော့မှ လူကြီးတွေက ချောင်းဆိုးရင်တက်တယ်။ ကောက်ကွေးကုန်တယ်။ အဲ့တာတွေကိုကျမတို့ ဖရူဆိုဆေးရုံကိုခေါ်သွားတယ်ပေါ့။”လို့ စေတနာ့ဝန်ထမ်း ဒေါ်ချောစုကပြောပါတယ်။

အခုလို ချောင်းဆိုးနေတာ ၂လကျော်ကြာပြီဖြစ်ပေမဲ့ မပျောက်ကင်းတဲ့ အပြင် လူကြီးတွေမှာပါ ကူးစက်လာပြီး အခုဆိုရင် အိမ်ခြေ ၃၅ လောက်ရှိတဲ့ ရွာမှာ အိမ်ခြေတဝက်လောက်က ချောင်းဆိုးရောဂါဖြစ်နေကြပါတယ်။

ကျေးရွာမှာ ဆေးပေးခန်းတွေမရှိတာကြောင့် ထီးလိုပူကျေးရွာနဲ့ ၁၄ မိုင်ဝေးတဲ့ ခါးဘယ်ကျေးရွာ အထိ ခြေလျှင်လျောက်ပြီး သောက်ဆေးတွေယူနေကြရပါတယ်။

“ ချောင်းဆိုးတယ်ဆိုတော့ ကုစရာနေရာမှမရှိတာ ဆေးလက်လှမ်းမှီတာလည်းမရှိ အဖြစ်နိုင်ဆုံးကတော့ လက်လှမ်းမှီတာဆိုလို့ သူတို့ဆေးသွားတောင်းတာပဲရှိတယ်။ ကိုယ်တိုင်လည်းကုတာမဟုတ်ဘူး မိဘတွေကသွားတာတောင်းတာပေါ့။ ဒီ ခါးဘယ် မှာပဲသွားကြတယ်” လို့ ထီးလိုပူ ကျေးရွာနေ ဦးအီဇကို ကပြောပါတယ်။

ရောဂါမဖြစ်ပွားခင်ကာလမှာ နယ်လှည့်ကျန်းမာရေးအဖွဲ့နှင့် အစိုးရကျန်းမာရေးဌာနများမှ တစ်လတစ်ကြိမ်လာရောက်ပြီးကာကွယ်ဆေးတွေထိုးပေးခဲ့ပေမယ့် ရောဂါစဖြစ်စဉ်ကာလအတွင်း မည်သည့်အဖွဲ့အစည်းမှလာရောက်ခြင်းမရှိဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

“ဒီဒေသအတွက်ကျတော့ လမ်းပန်းဆက်သွယ်ရေးတစ်အားခက်ခဲတယ်။ ဝေးလံတဲ့နေရာလည်းဖြစ်တယ်။ ပြီးတော့ကျန်းမာရေးဝန်ထမ်းတွေကလည်း အချိန်မီ မရောက်လာနိုင်ဘူးပေါနော်။ ၃ လတစ်ခါ ၆ လတစ်ခါတောင်မှ မရောက်လာနိုင်တဲ့အခြေအနေကြတော့ လမ်းကိုအဓိကဦးစားပေးရမယ်လို့ထင်ပါတယ်။ လမ်းကောင်းမှပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည့်ပြည့်စုံစုံရမယ်လို့ ကျမထင်တယ်။” လို့ စေတနာ့ဝန်ထမ်း ဒေါ်ချောစု ကပြောပါတယ်။

နောက်ပိုင်းမှသာ နယ်လှည့်ကျန်းမာရေးကနေ သောက်ဆေးတွေ လာလှုတန်းပေမယ့်လည်း မသက်သာတဲ့အတွက် ဖရူဆိုမြို့နယ် ပြည်သူ့ဆေးရုံကို သွားရောက်ပြသခဲ့ကြတယ်လို့သိရပါတယ်။

၎င်းကိစ္စနဲ့ ပတ်သက်လို့ ဆေးရုံကနေ လူနာတွေကို ဆေးပေးပြီး ပြန်လွှတ်လိုက်ပြီဖြစ်တယ်လို့လည်း ဖရူဆိုဆေးရုံမှ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

ဒီဒေသမှာ ဒီလိုချောင်းဆိုးတဲ့ ရောဂါဟာ ရာသီအလိုက် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတမျိုးသာဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ဆေးဆရာမ တွေဆီက ပြောဆိုချက်ကို ဒေသခံတွေက ပြန်ပြောပြပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ ချောင်းဆိုးနေတဲ့ ကာလ ရှည်ကြာနေတာရယ်၊ ရောဂါဖြစ်ပွားမှု ပွားများလာတာရယ်ကြောင့် စိုးရိမ်နေကြပါတယ်။

“ချောင်းဆိုးတာ ၂ လ ၃ လ လောက်ဖြစ်တယ်။ ဒါပေမယ့် အရင်ကဆို သုံးယောက်လေးယောက်ပဲရှိတယ်လေး။ အခုကအများကြီပွားလာကြတော့ အရင်ကဆို ကျန်းမာရေးအဖွဲ့က တစ်လတစ်ကြိမ်လာတယ်။ မလာတာ နှစ်လသုံးလရှိပြီးလို့ အဲ့လိုအများကြီးဖြစ်လာတယ်” လို့ ထီးလိုပူကျေးရွာ ဓမ္မဆရာ ဦးရိုမားနို ကပြောပါတယ်။

ဖရူဆိုမြို့နယ်ဆေးရုံသို့ ပို့ဆောင်တဲ့ လူနာစုစုပေါင်း ၃၄ ဦးအနက် ရောဂါပြင်းထန်တဲ့ ၆ ဦးကိုတော့ ဖရူဆိုမြို့နယ် ဆေးရုံမှာပဲ ဆက်လက်ကုသမှုခံယူနေပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...