မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လ (၂၀)ရက်နေ့အတွင်း အပြီးသတ် ရွေးချယ်မည်

မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လ (၂၀)ရက်နေ့အတွင်း အပြီးသတ် ရွေးချယ်မည်

မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လ (၂၀) ရက်နေ့အတွင်း အပြီးသတ်ရွေးချယ်သွားမည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည်၂၀၂၀ ရွေးကောက်ပွဲတွင် မွန်၊ကရင်၊တနင်္သာရီအပြင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှာပါ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားသည်။

ထို့ကြောင့် မြို့နယ်အဆင့်ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လ (၁၅)ရက်နေ့မှာ အပြီးသတ်ရွေးချယ်ပြီး ဗဟိုအဆင့်ကိုတော့ ဇူလိုင်လ (၃၀)ရက်နေ့ အပြီးသတ် ရွေးချယ်ရန် ကနဦး သတ်မှတ်ထားပေမယ့် ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းရမည့်ရက်ကို မူတည်ပြီးတော့မှ ဇူလိုင်လ (၂၀) ရက်နေ့ အပြီးသတ်ရွေးချယ်ရန် ပြောင်းလဲ ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက် အခြေအနေပေါ် မူတည်ပြီးတော့မှ အချိန်ကို ပြောင်းလိုက်တာပေါ့။ မြို့နယ်အဆင့်တွေကိုတော့ မပြောင်းတော့ဘူး။ ဗဟိုကိုတော့ ဇူလိုင် (၃၁)ရက်နေ့ အစား ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်”ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တလညီက ပြောသည်။

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ မွန်ညီညွှတ်ရေးပါတီရဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးမူဝါဒတွင် ပါဝင်သည့် ဥပဒေပြုရေး ၊ အဆိုတင်သွင်းရေးတို့အပါအဝင် အခြား အရည်အချင်း စံသတ်မှတ်ချက် (၁၉) ချက်နဲ့ သွေဖည်မသွားဖို့ မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက တိုက်တွန်းပြောဆိုသည်။

“ ချမှတ်ထားတဲ့ ရွေးချယ်ရေးမူဝါဒတွေနဲ့ ဆန့်ကျင်ဘက်လုံးလုံး မသွေဖယ်သွားဖို့ သတိပြုရမယ်။မြို့နယ်မှာက ရပ်ကျေး အင်အားစုတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါတွေက ပါတီရဲ့ ခြေလက် အသက် သွေးကြောဖြစ်တယ်။ မြို့နယ် ရပ်ကျေးရဲ့ သဘောမပါပဲ ပါတီဗဟို သဘောအတိုင်း ရွေးချယ်မယ်ဆိုရင် အောင်နိုင်ရေးအတွက် ရလဒ်ကောင်းထွက်မှာ မဟုတ်ဘူး”ဟု မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးမင်းမင်းနွယ်က ပြောသည်။

ထို့အပြင် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ အရည်အချင်း ပြည့်မှီသူတွေနဲ့ ဒေသအကျိုးကို ဆောင်ရွက်မယ့်သူတွေကို ဦးစားပေး ရွေးချယ်စေချင်ကြောင်း ကော့ခမယ်ကျေးရွာနေ မွန်အမျိုးသမီးတစ်ဦးဖြစ်သူ မိယာဉ်ထောက ပြောသည်။

“ပြည်သူက မဲပေးထားတာဖြစ်လို့ အရည်အချင်း ပြည့်မှီပြီး ပြည်သူ့အပေါ် ဒေသအပေါ် အကျိုးပြုမယ့်သူကို ရွေးစေချင်တယ်။ပြည်သူ့ အခက်အခဲတွေကို တင်ပြဆွေးနွေးနိုင်ရမယ် ။ ပြည်သူတွေရဲ့ အခက်အခဲတွေကို တာဝန်ယူပေးမယ့် သူတွေကို ရွေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် အခြားအစုအဖွဲ့ (၄) ဖွဲ့တို့ ပူးပေါင်းထားတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တော်တော်များများကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ဩဂုတ်လ (၇) ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ကြေညာချက် ထုတ်ပြန်ထားသည်။

သတင်း - သံလွင်တိုင်းမ်

ဓါတ်ပုံ - မွန်ညီညွတ်ရေးပါတီ

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...