မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထပ်မံတွေ့ရှိ၊ တရားခံပြေးကို ဖမ်းဆီးရမိခြင်းမရှိသေးဟု ဆို

မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထပ်မံတွေ့ရှိ၊ တရားခံပြေးကို ဖမ်းဆီးရမိခြင်းမရှိသေးဟု ဆို

စအိုင်ဆူး — ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ထိုင်းအာဏာပိုင်များမှ မူးယစ်ဆေးဝါး ဝင်ရောက်စစ်ဆေး ဖမ်းဆီးရမိမှုအပြီး ဇွန်လ ၂၇ ရက်နေ့တွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ရာ လက်သည်တရားခံပြေးကို လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က ထိုင်းစစ်တပ်၊ ရဲ နှင့် စခန်း လုံခြုံရေးများသည် မယ်လဒုက္ခသည်စခန်း၏ ဇုန် (B-5B) ရှိ အိမ်တစ်အိမ်ကို အနံ့ခံခွေးများဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင် စိတ်ကြွဆေးပြား (၃, ၀၀၀) ကျော် ဖမ်းဆီးရမိခဲ့ပြီးနောက် ဇွန်လ ၂၇ရက်နေ့တွင် ၎င်းနေအိမ်၌ စိတ်ကြွဆေးပြားအလုံးရေ (၁,၆၀၀) ကျော် ထပ်မံတွေ့ရှိခဲ့သည်ဟု စခန်း ဥက္ကဋ္ဌ စောအောနက်က ပြောသည်။

၎င်းက “ဖြစ်စဉ်က တရားခံရဲ့ အပေါင်းအသင်းတွေကော အမျိုးသမီးနဲ့ သမီးကို ခေါ်စစ်လိုက်တယ်။ ပြီးတော့ ထိုင်းစခန်းလုံခြုံရေးရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ကို စခန်းမှာပေးမနေတော့ဘူးဆိုပြီးတော့ သူတို့အိမ်ကို သွားဖြို လိုက်တဲ့အခါမှာ ထပ်ပြီးတော့ အလုံးရေ (၁,၆၀၀)ကျော်လောက် သွားတွေ့တယ်လို့ သိရတယ်။ တရားခံ ပြေး ကိုတော့ အခုထိ မဖမ်းမိသေးဘူး။ ဘယ်နေရာ၊ ရောက်နေမှန်းလည်းမသိဘူး”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် တရားခံပြေး၏ မိသားစုဝင်များကိုလည်း ထိုင်း အာဏာပိုင်များမှ စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး ပါဝင်ပတ်သက်မှုများရှိပါက ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားနိုင်ကြောင်းလည်း စောအောနက်က ဆက်ပြောသည်။

လက်ရှိ ထွက်ပြေးလွတ်မြောက်သူ တရားခံပြေးမှာ အသက် ၂၇နှစ်အရွယ် စောအဲငဲဆိုသူဖြစ်ပြီး ယခု အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ လတ်တလော အချိန်ကာလတွင်လည်း စခန်းတွင်း ဝင်ထွက်သွားလာမှုများကို တင်းကြပ်ထားကြောင်း စခန်းတွင်းနေထိုင်သူများက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာအဝေးတွင်ရှိပြီး လူဦးရေ ၃ သောင်းကျော် နေထိုင်သည့် မယ်လဒုက္ခသည်စခန်းတွင် ထိုင်းအာဏာပိုင်များမှ မူးယစ်ဆေးဝါး ဝင်ရောက်စစ်ဆေးဖမ်း ဆီးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...