ဒူးပလာယာတွင် ကွမ်းသီးနု ရောင်းချသူ ပိုများလာ

ဒူးပလာယာတွင် ကွမ်းသီးနု ရောင်းချသူ ပိုများလာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့် ဈေးနှုန်းကျဆင်းနေသဖြင့် ဒေသခံဥယျာဉ်ခြံသမားအများစုမှာ ကွမ်းသီးနုများကိုသာ ပြောင်းလဲရောင်းချနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် ကွမ်းသီးရာသီအစတွင် ယခင်ကျန်ရှိနေသော ကွမ်းသီးခြောက်များကို ဝယ်ယူမည့်သူ နည်းပါး နေပြီး ကွမ်းသီးခြောက်တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်ခန့်သာ ဈေးရှိတော့သဖြင့် ကွမ်းခြံပိုင် ရှင်များမှာ ငွေပေါ်လွယ်သည့် ကွမ်းသီးနုများကိုသာ ဦးစားပေးရောင်းချလာကြခြင်းဖြစ်သည်။

ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကွမ်းသီးစိုက်တောင်သူတစ်ဦးက “ကွမ်းသီးခြောက်က ဈေးမရှိတော့ ကွမ်းသီးနုပဲ ရောင်းတော့တယ်။ ကွမ်းသီးခြောက်က လုပ်ရတာ ပင်ပန်းတယ်။ နောက်နှစ်လည်း ဒီနှစ်လိုမျိုး ဈေးမရရင် မလွယ်ဘူး။ အဲဒါကြောင့် သေချာတဲ့အချိန်မှာ အနုကိုပဲ ဖြတ်ရောင်းလိုက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ဒေသတွင်း ကွမ်းသီးနုဝယ်ယူသည့် ဈေးနှုန်းမှာ တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၂၄ ဘတ်မှ ၂၅ ဘတ်အထိ ရှိနေပြီး ယခင်နှစ်ထက် ဈေးကောင်းရရှိနေသဖြင့် ကွမ်းသီးနုရောင်းချသူ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု ကွမ်းသီးပွဲစားအချို့က ဆိုသည်။

 “ဒီနှစ်က ဈေးကောင်းလို့ ကွမ်းသီးနုရောင်းတဲ့သူ အရမ်းများတယ်။ အဓိကကတော့ ထိုင်းဘက်ကလည်း မြန်မာပြည်ဘက်က အသီးတွေကို လာဝယ်နေတော့ အလုံးသိပ်မရွေးဘူး။ အဆင်ပြေတယ်” ဟု ကွမ်းသီးရောင်းဝယ်သူတစ်ဦးကလည်း ပြောသည်။

ဒေသတွင်း စစ်ရေးပဋိပက္ခအခြေအနေ၊ ကွမ်းသီးဝယ်လိုအား မတည်ငြိမ်မှုနှင့် ခိုးယူခံရ မည့် အန္တရာယ်များကြောင့် ဒူးပလာယာခရိုင်ဒေသရှိ ကွမ်းသီးစိုက်တောင်သူများသည် လုပ်ငန်းကြန့် ကြာမှုမရှိဘဲ ငွေပေါ်လွယ်သည့် ကွမ်းသီးနုကိုသာ ရွေးချယ်လာကြခြင်းဖြစ်သည်။

သို့သော် ဒူးပလာယာရှိ အချို့သော ကွမ်းသီးစိုက်တောင်သူများမှာ မိရိုးဖလာစိုက်ပျိုးနည်းကိုသာ အသုံးပြုကြပြီး ကွမ်းသီးနုကို ဆွတ်ခူးခြင်းက ကွမ်းသီးပင်ကို ထိခိုက်နိုင်သည်ဟု ယူဆကြသဖြင့် အနုကို မခူးဘဲ အသီးရင့်မှသာ ခူးယူရောင်းချသည့် စိုက်ပျိုးသူများလည်း ရှိနေသေးကြောင်း သိရသည်။

Most read this week

သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...