စစ်အုပ်စုတပ် ဆောမှတဆင့် ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုး

စစ်အုပ်စုတပ် ဆောမှတဆင့် ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုး

ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ထိုစစ်ကြောင်းတွင် အင်အား ၅၀၀ ခန့်ရှိပြီး မေလ ၁၈ ရက် နံနက်ပိုင်းတွင် Y-12 ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာထုပ် ကိုးထုပ်နှင့် ခဲယမ်းများ လာရောက်ချပေးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“သူတို့က (စကစ) ကန်ပက်လက်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်လို့ အင်အားဖြည့်တင်းတဲ့ သဘောပဲ” ဟု ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ် တဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဒေသအခေါ် ခြောက်မိုင် အနီးဝန်းကျင်သို့ ထိုစစ်ကြောင်းရောက်ရှိနေကြောင်း သိရသည်။ ငလွန်းကျေးရွာဘက်တွင် ရောက်ရှိနေသည့် အခြားစစ်အုပ်စု စစ်ကြောင်း တခုသည်လည်း ငလွန်းရွာမှတဆင့် ကျောက်မရွာဘက်သို့ ဆက်လက်ဦးတည်ထွက်ခွာနေကြောင်း ဒေသခံ တဦးက ဆိုသည်။

“အခု ဆောမြို့ထဲမှာတော့ စစ်သားဟောင်းတွေလောက်ပဲ ကင်းလှည့်နေတာ တွေ့ရတယ်။ ကျန်တဲ့ စစ်ကြောင်းတွေကတော့ ရွာတွေဘက်ကို ခွဲထွက်သွားပြီ။ အဓိကက ကန်ပက်လက်ဘက်ကို ဦးတည်တက်နေကြတာဆိုတော့ လမ်းကြောင်းပေါ်က ရွာတွေက လူတွေလည်း စိုးရိမ်ပြီး ပြင်ဆင်နေကြရတယ်” ဟု ဆောဒေသခံ အမျိုးသား တဦးက ပြောသည်။

စစ်အုပ်စုတပ်သည် ဆောမြို့ကို အခြေပြုကာ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ရိုးမတလျှောက်သို့ စစ်ကြောင်းများခွဲ၍ စစ်ရေးလှုပ်ရှားလာနိုင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။ စစ်ရေးအခြေအနေ တင်းမာလာမှုကြောင့် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၇ ရက်နေ့တွင် ပြည်သူလူထုအနေဖြင့် ဆော-ကျောက်ထု လမ်းပိုင်းနှင့် ဆော-လောင်းရှည် လမ်းပိုင်းများကို အသုံးမပြုကြရန် အရေးပေါ် အသိပေးထုတ်ပြန်ထားသည်။

အလားတူ မေလ ၁၇ ရက်နေ့၌ပင် အမှတ် (၅) စစ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန်ပက်လက်မြို့နယ်) ကလည်း အမှတ် (၅) စစ်ဒေသအတွင်းရှိ မြို့နှင့် အနီးဆုံးကျေးရွာများမှ ပြည်သူလူထု အချိန်မီ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကြပ်မတ်ပြင်ဆင်ကြရန် နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် လက်ရှိ၌ ချင်းညီနောင်တပ်ဖွဲ့များဖြစ်ကြသည့် CDF-Mindat၊ CDF-Kanpetlet၊ CDF-Matupi၊ CDF-Daai တို့ လှုပ်ရှားနေသကဲ့သို့ ချင်းလဲန်းကောင်စီ (CC) လက်အောက်ခံတပ်ဖွဲ့များဖြစ်သည့် CDF-Paletwa၊ CDF-Matupi (တပ်မဟာ ၂) နှင့် CDF-Zotung တို့လည်း စစ်ရေးလှုပ်ရှားလျက် ရှိနေကြသည်။

May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...