စစ်တပ်စစ်ကြောင်းကြောင့် ချင်းနဲ့ မကွေးအစပ်ကဒေသခံတွေ တိမ်းရှောင်ကြဖို့ နှိုးဆော်

စစ်တပ်စစ်ကြောင်းကြောင့် ချင်းနဲ့ မကွေးအစပ်ကဒေသခံတွေ တိမ်းရှောင်ကြဖို့ နှိုးဆော်

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က စစ်ကြောင်းထွက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေအနေဖြင့် ဘေးလွတ်ရာ ကြိုတင်ရှောင်တိမ်းနေထိုင်ကြဖို့ နှိုးဆော်မှုတွေ ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောမြို့ကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ကန်ပက်လက်မြို့ဘက်ကို ဦးတည်ကာ စစ်ကြောင်း တတ်လာနေပြီး လက်ရှိ ဆောနဲ့ ကန်ပက်လက် လမ်းပိုင်းထဲ ရောက်ရှိနေပြီဖြစ်လို့ ဒေသခံတွေအနေဖြင့် စစ်ရေး၊ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြုပြီး ဘေးလွတ်ရာ ကြိုတင် ရှောင်တိမ်းနေထိုင်ကြဖို့ အသိပေးတာတွေ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆော - ကန်ပက်လက် လမ်းပိုင်းရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းထံကို ဒီကနေ့ မေလ ၁၈ ရက်နေ့မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ Y – 12 လေယာဉ်တစ်စီးကနေ ဒရုန်း၊ ဆိုလာပါဝါစတေရှင်တွေနဲ့ လက်နက်ခဲယမ်း တချို့ကို  လေကြောင်းကနေ တဆင့် ထောက်ပံ့တာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ဒေသခံတွေအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာတာတွေ မလုပ်ဖို့နဲ့ အန္တရာယ်ကင်းမယ့် နေရာတွေကို ရွေးချယ်နေထိုင်ကြဖို့ လိုအပ်နေတာဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဆောရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကန်ပက်လက်ဘက်ကို ဦးတည်နေတာကြောင့် မြို့ပေါ်နေ ပြည်သူတွေအနေဖြင့် ဂရုစိုက်ကြဖို့ကိုလည်း ကန်ပက်လက်မြို့ လူသားစာနာဘေးစီမံဌာနကလည်း မေလ ၁၇ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေအားလုံးကို  ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး အခုလို ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်ပြီး စစ်ကြောင်းထွက်လှုပ်ရှားလာတာဟာ မကွေး၊ ချင်း၊ ရခိုင်ပေါ် စစ်ကောင်စီဘက်က စစ်ရေးဖိအားပေးလာတာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...