ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူအား သေဆုံးလျက်ပြန်တွေ့ရှိ

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူအား သေဆုံးလျက်ပြန်တွေ့ရှိ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ၂ ရက်နီးပါးအကြာတွင် တောင်စောင်း၏ ချောက်တစ်နေရာ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိသည်ဟုသိရသည်။

အဆိုပါကျောင်းသူ၏ ဆိုင်ကယ်သော့ပြန်တွေ့ရှိသည့် နေရာသဲလွန်စမှတစ်ဆင့်အောက်ဆင်း၍ ရှာဖွေကာ မောင်းသူ မဲ့ယာဉ်(ဒရုန်း) အကူအညီနှင့် ဇွန် ၂၇ ရက် မနက် ၁၀နာရီဝန်းကျင်ခန့် အမြင့်ပေ ၂ထောင်ကျော်ရှိသည့် ချောက်တစ်နေရာတွင် သေဆုံးလျက်ရှိသည့် ရုပ်အလောင်း(dead body)ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ ဖားအံခရိုင် မီးသတ်ဦးစီးရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်ဝင်းက “တောင်ပေါ်ကနေ ပြန်အဆင်း ခန့်မှန်းနာရီဝက်လောက် ဆင်းရတဲ့နေရာမှာ အစွန်အထွက် View Point လို နေရာတစ်ခုရှိတယ်။ အဲဒီနေရာက တော်တော်သွားမှရောက်တာ။ ကြားမှာ ခြုံတစ်ခြုံနဲ့ကွယ်သေးတယ်။ ခြုံကိုပတ်သွားရတယ်။ မရောက်ဖူးတဲ့လူဆိုရင် အဲဒီနေရာကိုမသိဘူး။ အဲဒီပေါ်ကနေ ပြုတ်ကျရင် အောက်ပေ ၂၀လောက်မှာ ပြန့်တစ်ခုရှိ တယ်။ အဲဒီပြန့်ကနေတစ်ဆင့်မှ အောက်ကိုထပ်ပြီး ပြုတ်ကျတဲ့သဘောဖြစ်တယ်။ ဒီအပေါ်မှာတော့ စဉ်းစားတွေးတောစရာတွေ အများကြီးရှိတယ်”ဟု ပြန်လည်တွေ့ရှိသည့်အခြေအနေနှင့် ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။

ရှာဖွေတွေ့ရှိခဲ့သည့် ကျောင်းသူ၏ ရုပ်အလောင်း(dead body)ကို ပြန်လည်ယူတင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့ဝင် များက အချိန် ၁နာရီကြာ ကြိုးပမ်းထုတ်ယူခဲ့ရပြီးနောက် တောင်ဆင်းလမ်းအတိုင်း ပြန်လည် သယ်ဆောင်လာကြ ရာ မွန်းလွဲ ၁နာရီ ၅၅မိနစ်ခန့်တွင် ဇွဲကပင်တောင် အနောက်ဘက်တောင်ခြေသို့ ပြန်လည်ရောက်ရှိသည်ဟု သိရ သည်။

အဆိုပါတက္ကသိုလ်ကျောင်းသူသည် ဇွန်လ ၂၅ရက်နေ့၊ မွန်းလွဲ ၁နာရီကျော်တွင် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးတည်း တက်ရောက်ခဲ့သလို ထိုနေ့ ညနေ ၅နာရီကျော်အချိန်ခန့်တွင် တောင်ပေါ်ရှိ ဆရာတော်တစ်ပါးက ရင်ပြင်တော်၌ သူမကို တွေ့ရှိခဲ့သေးသည်ဟု သိရသည်။

သူမ၏ ဆိုင်ကယ်သည် တောင်ခြေတွင်ကျန်ရှိခဲ့သလို ဖိနပ်ကိုလည်း အထက်ရေတံခွန်အနားရှိ တောင်တက်လမ်း တစ်နေရာတွင် ပြန်လည်တွေ့ရှိသည့်အပြင် ဆိုင်ကယ်သော့ကိုလည်း အမြင့်ပေ ၂ထောင်ခန့်ရှိသည့်နေရာတွင် တွေ့ရှိခဲ့သူများက တောင်ခြေ၌ ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

သေဆုံးသွားခဲ့သည့် ကျောင်းသူလေးသည် မြဝတီမြို့မှဖြစ်ပြီး ဖားအံမြို့ရှိ အဆောင်တစ်ခုတွင် နေထိုင်ရင်း သင်တန်းတစ်ခု တက်ရောက်နေသူဖြစ်သည်ဟု ဖားအံတက္ကသိုလ်မှ ကျောင်းဆရာတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...