ကရင်ဒုံးအကကို UNESCO အသိအမှတ်ပြု စာရင်းတင်သွင်းမည်

ကရင်ဒုံးအကကို UNESCO အသိအမှတ်ပြု စာရင်းတင်သွင်းမည်

စောရှား — ကရင်လူမျိုးတို့၏ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် ရိုးရာဒုံးအကကို ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) မှ အသိအမှတ်ပြုနိုင်ရန်အတွက် စာရင်းတင်သွင်းသွားမည်ဟု သိရသည်။

UNESCO သို့ တင်သွင်းရန် ကရင်ပြည်နယ်မှ အဆိုပြုထားသည့် ကရင်ကောက်သစ်စားပွဲနှင့် ဒုံးအက ၂ ခုထဲမှ ဒုံးအက ကိုသာ ကနဦးတင်သွင်းသွားရန် ဇွန် ၂၆ ရက်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ပြုလုပ်သော အစည်းအဝေးအပြီး ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် UNESCO မှာ register လုပ်ဖို့ ပြည်နယ် နဲ့တိုင်းအသီးသီးက ခေါင်းစဉ်တွေကို ရွေးချယ်ပြီးတော့ ပြည်ထောင်စုမှာတင်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီအတွက် ကရင်ပြည်နယ်အနေနဲ့ ဒုံးအကကို တင်သွင်းဖို့ အစည်းအဝေးမှာ အဖြေတစ်ခုထွက်လာပါတယ်။” ဟု ပြောသည်။

ထို့အပြင် ကရင်ဒုံးအကသည် နိုင်ငံတကာတွင်လည်း လူသိများသလို အများနှင့်မတူ Unique (ထူးခြား)ပြီး ကရင်အမျိုး သားများ၏ စိတ်ဓာတ်၊ ဒေသနှင့်ပတ်ဝန်းကျင်များကို ထင်စပ်စေသောကြောင့် အာရုံစိုက်ကာ တင် သွင်းသွားမည်ဖြစ် ကြောင်း ဦးဘိုဘိုဝေမောင်က ဆက်ပြောသည်။

ဒုံးအကဆိုင်ရာ အဓိပ္ပါယ်၊ ကကြိုးကကွက်၊ ဝတ်စားဆင်ယင်မှု၊ ဂီတတူရိယာပစ္စည်း၊ အငွေ့အသက်များ အားလုံးကို အသေးစိတ် စနစ်တကျလေ့လာ မှတ်တမ်းတင် သုတေသနလုပ်နိုင်ရန် working committee (အလုပ်အဖွဲ့) ကို ဇွန် ၂၆ ရက်နေ့ပထမဦးဆုံးအကြိမ်ပြုလုပ်သော ပဏာမအစည်းအဝေးတွင် စတင် ဖွဲ့စည်းထားခဲ့ပြီလည်းဖြစ်သည်။

Working committee တွင် ပါဝင်သူ ဒုံးအကပညာရှင် စောမြင့်သူက “ဒုံးနဲ့ပတ်သတ်ပြီး ထဲထဲဝင်ဝင် လှုပ်ရှား လာခဲ့ ပေမယ့် ဒီလို အခွင့်အရေးမျိုးတစ်ခါမှ မကြုံ၊ မကြားခဲ့ဖူးဘူး။ အခုမှ ကျနော်တို့ရဲ့ ကရင် ရိုးရာဒုံးအကကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့မယ်ဆိုရင်တော့ ကရင်အတွက် သမိုင်းတစ်ခုကျန် ခဲ့မယ်။ အတိုင်းမသိဝမ်းသာမိမယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ပြည်နယ် ရှေးဟောင်း၊ သုတေသန ပြတိုက်မှ ဦးဆောင်ပြုလုပ်သော အစည်းအဝေးသို့ ကရင်ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းနေသော ဆရာတော် သံဃာတော်များ၊ ပြည်နယ် စာပေ/ယဉ်ကျေးမှု အဖွဲ့ အစည်းနှင့် အစိုးရဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒုံးအကပညာရှင်၊ ဒုံးဆရာများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၄၀ ဦးကျော် တက်ရာက်ခဲ့ သည်။

ကရင်ပြည်နယ်မှ ဒုံးအကကို တင်သွင်းသွားမည်ဖြစ်သလို မွန်ပြည်နယ်တွင် မွန်ရိုးရာ မိကျောင်းလျှာ တူရိယာ၊ မကွေးတိုင်းတွင် သနပ်ခါး အစရှိသဖြင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးမှ ရွေးချယ်လိုက်သည့် ခေါင်းစဉ် များထဲကမှ ခန့်မှန်းချေ ဆန်ကာတင်ခေါင်းစဉ် ၅ ခုခန့်အား မြန်မာနိုင်ငံအနေဖြင့် UNESCO သို့ ၂၀၂၁ ခုနှစ်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)မှ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို အသိအမှတ်ပြုခဲ့သည့် စာရင်းများထဲတွင် မြန်မာနိုင်ငံမှ ပါဝင်ခဲ့ဖူးခြင်း မရှိသေးကြောင်းလည်း သိရသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...