နိုင်ငံရပ်ခြားက ပြန်လာသူတွေကို နှစ်ကြိမ်စစ်ဆေးလို့ ရောဂါပိုးမတွေ့မှသာ နေအိမ်ပြန်ခွင့်ပေးမယ်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးက ပြောသည်။
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက နေရပ်ပြန်တွေဟာ မွန်ပြည်နယ်အတွင်းကို နေ့စဉ် ဝင်ရောက်လာတာကြောင့် လက်ရှိမှာတော့ ပြည်နယ်တစ်ဝှမ်းမှာ facility quarantine camp (၁၀) ခု ဖွင့်လှစ်ထားပြီး လူဦးရေ (၃၀၀၀) နီးပါးကို လက်ခံထားသည်။
ဒီလိုနေရပ်ပြန်တွေကို camp ရောက်ပြီး (၅) ရက်အကြာတွင် ပထမအကြိမ် စစ်ဆေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အနေနှင့် (၂၁) ရက်ပြည့်ဖို့ (၅)ရက် အလိုမှာ ထပ်မံ စစ်ဆေးသွားမယ်ဟု ဆိုသည်။
အခုလို နှစ်ကြိမ်စစ်ဆေးလို့ ရောဂါပိုး မတွေ့မှသာ နေအိမ်ပြန်ခွင့်ရမှာဖြစ်ပြီး နေအိမ်မှာလည်း home stay တစ်ပတ် ထပ်မံနေရအုံးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။
“Camp ကို ဝင်ပြီး ငါးရက်မှာ တစ်ကြိမ်စစ်မယ် ရက်မပြည့်ခင်မှာ ထပ်စစ်မယ် နှစ်ကြိမ်လုံး ပိုးမတွေ့ရင်တော့ အိမ်ပြန်လို့ရမယ် ဒါပေမယ့် home quarantine တစ်ပတ်ထပ်နေရမယ် “ဟု ဆိုသည်။
လက်ရှိမှာလည်း ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ facility quarantine camp တွေ ပြန်လည်အပ်နှံရတဲ့အတွက် နေရာအခက်အခဲ ရှိတာကြောင့် နေရပ်ပြန်တွေကို မြို့နယ်တွေမှာ အလှည့်ကျစနစ်နဲ့ ထားပြီး စောင့်ကြည့်နေရသည်။
“ပထမအကြိမ်စစ်လို့ ပိုးမတွေ့ဘူးဆိုရင် နေရပ်ပြန်တွေကို သက်ဆိုင်ရာ မြို့နယ်တွေဆီ ပို့လိုက်တယ် မြို့နယ်တွေမှာရှိတဲ့ ခန်းမတွေ ဓမ္မာရုံတွေမှာ ထားဖို့ စီစဉ်ထားတယ် ဒီလိုလျော့သွားတဲ့နေရာမှာ ထပ်ဝင်လာတဲ နေရပ်ပြန်တွေကို သူတို့နေရာမှာ ပြန်အစားထိုးတယ် ဒီလို အလှည့်ကျစနစ်နဲ့ ထားနေတာပေါ့ “ ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောသည်။
ဒါ့အပြင် ထောင်နဲ့ချီ ရှိတဲ့ နေရပ်ပြန်တွေဆီက ဓာတ်ခွဲနမူနာတွေ ယူဖို့ ကျွမ်းကျင်ဝန်ထမ်း မလုံလောက်တဲ့ စိန်ခေါ်မှုတွေကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရင်ဆိုင်နေရကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ မတ်လကနေ အခုအချိန်ထိ မွန်ပြည်နယ်အတွင်းကို နိုင်ငံရပ်ခြားက ပြန်လာသူ (၂) သောင်းကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရသည်။
သတင်းနှင့်ဓာတ်ပုံ - သံလွင်တိုင်းမ်
Published
Friday, June 19, 2020
နေရပ်ပြန်တွေကို နှစ်ကြိမ်စစ်ဆေးလို့ ပိုးမတွေ့မှသာ နေအိမ်ပြန်ခွင့်ပြုမည်







