ပလက်ဝမြို့ခံများနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် အရေးတကြီး လိုအပ်နေဆဲ

ပလက်ဝမြို့ခံများနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် အရေးတကြီး လိုအပ်နေဆဲ

လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ် ကြုံတွေ့နေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဆန်အိတ် (၈၀၀) ကျော် ပို့ဆောင်နိုင်ခဲ့သော်လည်း ရေရှည်စားသောက်ရန် လုံလောက်မှု မရှိကြောင်း ချင်း စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။

အစိုးရအဖွဲ့၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ လှူဒါန်းသော ဆန်အိတ် ၈၃၀ကို ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ဧပြီ ၁၉ရက်တွင် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့်  အရောက် ပို့ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း ယင်းပမာဏသည် စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ နီးပါးနှင့် ပလက်ဝမြို့ခံပြည်သူ ၇၀၀၀ ကျော်၊ ပေါင်း ၁၁၀၀၀ ကျော်အတွက် ရက်အနည်းငယ်သာ လုံလောက်မည်ဟု ချင်းစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ Relief and Rehabilitation Committee for Chin IDPs(RRCCI) က ဧပြီလ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

RRCCI မှ ဆလိုင်းဂျွန်ပိုင်နန်းက “အဲဒီဟာက တစ်လတောင်မှ ကောင်းကောင်း စားရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက အဲဒီဒေသ လူတွေနဲ့ အဲဒီ IDPs အကုန်လုံးက အခြေအနေ အရမ်းဆိုးနေတယ်၊ IDPs ပဲ ငတ်နေတာ မဟုတ်ဘူး။ ဒေသမှာ လုံးဝ စားစရာ မရှိဘူး ဆိုတော့၊ မိသားစုက အရေအတွက်လည်း မတူကြတော့ ဒီလောက် ဒီလောက် ရတယ် ဆိုတာကလည်း ညီမျှမှာ မဟုတ်ဘူး။ တချို့မှာက အရေအတွက်အလိုက် မိသားစုများရင် များသလို ပေးရတယ်”ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ် ရောက် စစ်ဘေးရှောင်ပြည်သူ (၄၀၀၀) နီးပါးကို ဘုရားကျောင်း၊ အစိုးရအဆောက်အဦများတွင် အဆင်ပြေသလို နေရာချပေးထားသည်ဟု သိရသည်။

စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်ဝမြို့နယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ တိုက်ပွဲများကြောင့်  ရေလမ်း၊ ကုန်းလမ်း ပြတ်တောက်သွားခဲ့ရသည်။ မည်သည့်ကုန်ပစ္စည်းမျှ သယ်ယူပို့ဆောင်၍မရတော့သည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုကို စစ်ဘေးရှောင်များအပြင် မြို့ခံပြည်သူများပါ ရင်ဆိုင်နေကြရသည်။

မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းမှတဆင့် ပလက်ဝမြို့သို့ ရိက္ခာဆန်များ သယ်ယူပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း နယ်မြေလုံခြုံရေးအခြေအနေအရ မည်သည့် ကားသမားမျှ ပလက်ဝမြို့သို့ မသွားဝံ့ကြကြောင်း သိရသည်။

ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအဆင့်သို့ တင်ပြပြီး ပလက်ဝမြို့ကို ဆန်အိတ်ရေ အနည်းဆုံး ၂၀၀၀ ခန့် ပို့ဆောင်ရန် လျာထားကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရကပြောသည်။

“ဆမီးမှာ ဆန်အိတ်က ၃၃၅၄ အိတ်ကျန်သေးတယ်၊ အဲဒီထဲက နောက်ထပ်တစ်ကြိမ်နှစ်ကြိမ်လောက်ထပ်ပို့ဖို့ ဒီရက်ပိုင်းမှာကျနော်တို့ ကြိုးစားနေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ဆက်သွယ်ရေးအင်တာနက်လိုင်းလည်း ပိတ်ပင်ခံထားရဆဲဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...