လေကြောင်းတိုက်ခိုက်မှုကြားမှ ကော်သူးလေအစိုးရစစ်စာမေးပွဲအောင်မြင်သူ (၁,၀၀၀) ကျော်ရှိ

လေကြောင်းတိုက်ခိုက်မှုကြားမှ ကော်သူးလေအစိုးရစစ်စာမေးပွဲအောင်မြင်သူ (၁,၀၀၀) ကျော်ရှိ
Photo : KIC
Photo : KIC

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများကြားမှ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် အထက်တန်းအဆင့် ကော်သူးလေအစိုးရစစ် စာမေးပွဲအောင်မြင်သူ (၁,၀၅၆)ဦးရှိကြောင်း ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD ၏ ဧပြီလ ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကော်သူးလေအစိုးရစစ်(၁၂)တန်း စာမေးပွဲကို ကေအဲန်ယူထိန်းချုပ်နယ်မြေ၌ ဖွင့်လှစ်ထားသော စာသင်ကျောင်းပေါင်း(၅၃)ကျောင်းမှ ကျောင်းသူကျောင်းသားစုစုပေါင်း (၁,၇၈၃)ဦး ဝင်ရောက်ဖြေဆိုကြခြင်းဖြစ်သည်။ ထိုအထဲတွင် စာမေးပွဲဖြေဆိုအောင်မြင်သူ တစ်ထောင်ကျော်ရှိခဲ့သည့်အနက် ကျောင်းသူ (၇၁၇) ဦးနှင့် ကျောင်းသား(၃၃၉)ဦး ပါဝင်သည်ဟု KECD က ဖော်ပြသည်။

"ဒီနှစ်က Grade-6 နဲ့ 9 စာမေးပွဲ မလုပ်လိုက်ရဘူး။ Grade-12 တစ်ခုပဲလုပ်လိုက်ရတယ်။ စစ်ရေးပဋိပက္ခတွေကြောင့်ရယ်၊ လေယာဥ်အန္တရာယ်နဲ့ လုံခြုံမှုမရှိလို့ရယ်ကြောင့်ပါ။  အဲဒါကတော့ ထူးခြားချက်ပေါ့လေ" ဟု အခြေခံပညာဦးစီးဌာနမှူး နော်နယူးထဲန်းဘယ်ထွန်း က ပြောသည်။

ထို့အပြင် KECD ၏ အောင်စာရင်းနောက်ဆက်တွဲ ထုတ်ပြန်ချက်အရ ဒူးသထူ(သထုံ)၊ တောအူး(တောင်ငူ)၊ ခလယ်လွီထူ(ညောင်လေးပင်)နှင့် ဒူးပလာယာခရိုင်တို့မှ အထက်တန်းဖြေဆိုအောင်မြင်ပြီး Top Ten ဝင်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားလည်း (၁၀)ဦး ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်သည် စစ်အုပ်စုက မတရားသိမ်းယူထားသော အာဏာကို နိုင်ငံတကာအသိမှတ်ပြုမှုရရေး တရားမဝင်ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်၍ အစိုးရတည်ထောင်ရန်ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။ 

သို့ရာတွင် ကော်သူးလေနယ်မြေအတွင်းရှိ ပညာရေးအဆောက်အဦးများကို စစ်အုပ်စုကပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် ပညာသင်ကာလ လုံခြုံရေးစိုးရိမ်ချက်များရှိခဲ့သလို ဘေးလွတ်ရာတွင်စာမေးပွဲဖြေဆိုရခြင်းတို့ ရှိခဲ့ကြောင်း ကရင်ပညာရေးအသိုင်းအဝိုင်းက ဆိုသည်။

KECD ၏ ထုတ်ပြန်ချက်တွင် ပညာရေးအတွက် တိုက်ပွဲကြား၊ လက်နက်ကြီးကျည်ဆံကြား၊ လေကြောင်းတိုက်ခိုက်မှုကြားမှ ကျောင်းပြီးသည်အထိ ဝိုင်းဝန်းလုပ်ဆောင်အားဖြည့်ပေးသော ကျောင်းကော်မတီ၊ ကျောင်းသားမိဘ၊ ရပ်ရွာ ရပ်မိရပ်ဖများကို အသိမှတ်ပြုကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်အုပ်စုသည် ကော်သူးလေနယ်မြေထဲတွင် အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ပြီး စာသင်ကျောင်းများကိုပါ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းသူ၊ကျောင်းသားများမှာ တောတောင်များနှင့် ရွာအပြင်ဘက်နေရာများတွင် ပြောင်းရွှေ့ပညာသင်နေရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်ပညာသင်နှစ်တွင်လည်း အခက်အခဲကြားမှ ကေအဲန်ယူနယ်မြေအတွင်း ကော်သူးလေအစိုးရစစ် အထက်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ (၁,၅၀၀)ကျော် ရှိခဲ့ပြီး ၎င်းအနက် (၉၆၉)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း KECD ထံမှ သိရသည်။

April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...