နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကို အတတ်နိုင်ဆုံး ကူညီသွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ် ဆို

နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကို အတတ်နိုင်ဆုံး ကူညီသွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ် ဆို

By ရစ်ချက် – အိန္ဒိယတစ်နိုင်ငံလုံး သွားလာမှုကန့်သတ် Lockdown ပိတ်ချလိုက်ခြင်းကြောင့် နယူးဒေလီမြို့တွင် စားဝတ်နေရေး အခက်အခဲများ တွေ့ကြုံနေကြရသည့် ချင်းဒုက္ခသည်များအား အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။

မည်သို့ ကူညီဆောင်ရွက်သွားမည်ကို ၎င်းက အသေးစိတ် ပြောဆိုခြင်း မရှိသော်လည်း အစိုးရအနေဖြင့် တတ်နိုင်သည့် နည်းလမ်းဘက်ကနေ ကူညီဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသထုတ် နေ့စဉ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

“ချင်းညီအစ်ကိုများကိုလည်း တတ်နိုင်တဲ့ဘက်ကနေ မီဇိုရမ်အစိုးရက ကူညီပေးသွားမယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စု အားလုံးကို အစိုးရက ကူညီချင်တယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။

နယူးဒေလီမြို့နေချင်းဒုက္ခသည်များ၏ အခက်အခဲများ ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းကို မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဋ္ဌ ပူးနိုးထန်ကပ်ကလည်း မကြာသေးမီရက်ပိုင်းက စာရေးသားတောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်နှင့်ပတ်သက်၍ မီဇိုရမ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကလည်း ပူးနိုးထန်ကပ်ထံသို့ ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

ပူးနိုးထန်ကပ်က “ဒေလီရောက် ချင်းတွေကို UNHCR ကကူညီတာကလည်းမပြောပလောက်ဘူး Lockdown လည်းဘယ်လောက်ကြာဦးမလဲ မသိသေးဘူး ဒါကြောင့် ကူညီနိုင်မယ့်နည်းလမ်းရှာကြည့်တာပေ့ါနော်၊ မီဇိုရမ်ဝန်ကြီးချုပ် နဲ့ ဖုန်းနဲ့စကားပြောတယ်။ သူက အတတ်နိုင်ဆုံးကူညီပေးပါမယ်လို့ပြောတယ်၊ ငွေနဲ့လား ၊ စားနပ်ရိက္ခာနဲ့လားတော့မသိဘူး ။ ကူညီချင်ရင် ကူညီနိုင်မယ့်အခြေအနေမှာသူတို့ရှိပါတယ်’’ ဟု ပြောသည်။

နယူးဒေလီရောက် ချင်းများမှာ လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာတစ်ခုတည်း အခက်တွေ့ နေခြင်းမဟုတ်ဘဲ အိမ်ငှားခမပေးနိုင်ခြင်းသည်လည်း ကြီးမားသောပြဿနာတစ်ခုဖြစ်နေပြီး အဆိုပါ အိမ်ငှားခ ကို Lockdown အခြေအနေ အတောအတွင်း အခမဲ့ ဖြစ်အောင် အိန္ဒိယအစိုးရကို မီဇိုရမ်အစိုးရအနေဖြင့် တင်ပြပေးစေလိုကြောင်း ချင်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသော CHRO မှ Salai Cung Dawt က  ခိုနှုမ်းသုန်သတင်းဌာနကို ပြောသည်။

“ခုလို ကူညီမယ်ဆိုတဲ့ သတင်းကြားတော့ တအား ဝမ်းသာတယ်။ အကူအညီကတော့ လိုတာပေါ့၊ ဖြစ်နိုင်ရင် စားနပ်ရိက္ခာ တစ်ခုတည်းမဟုတ်ဘဲနဲ့ မီဇိုရမ်အစိုးရအနေနဲ့ ချင်းဒုက္ခသည်များ Lockdown အခြေအနေ အတောအတွင်း အိမ်လစာတစ်လစာပဲဖြစ်ဖြစ် free ဖြစ်နိုင်အောင် အိန္ဒိယအစိုးရကို ပြောပေးနိုင်ရင်တော့ ကျနော်တို့အတွက် အလွန်ဝမ်းသာစရာဖြစ်မယ်” ဟု ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် ရောဂါထိန်းချုပ်ရေး အစီအမံအဖြစ် ခရီးသွားလာမှုတွေကို ကန့်သတ်တားဆီးထားသည့် Lockdown ကာလကို သက်တမ်းထပ်မံတိုးမြှင့်လိုက်ပြီး ယခင်အမိန့်သည် ဧပြီ ၁၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မေလ ၃ ရက်နေ့အထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် Covid-19 အတည်ပြုလူနာဦးရေ တစ်သောင်းခန့် တွေ့ထားပြီး  ၄၃၀ ခန့် အသေအပျောက်ရှိလာကြောင်း သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...