မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံနေရသော သံသယလူနာတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ နံနက် (၃) နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
လူနာမှာ (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်းလည်း သိရသည်။
သတင်းထုတ်ပြန်မှုမှာ “ ဓာတ်ခွဲအတည်ပြုလူနာ (Case-027) သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နေထိုင်သော အသက် (၂၄)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ (၁) လခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ပါသည်။
(၂၀-၃-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေရာမှ (၂၉-၃-၂၀၂၀)ရက်နေ့တွင် သ်မှတ်နေရာသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀)ရက်နွေတွင် ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်”ဟု ဖော်ပြထားသည်။
ယင်းအပြင် အဆိုပါလူနာနှင့် ထိတွေ့ခဲ့သူများလည်း ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် အသိပေးတိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် မတ် ၂၃ မှ ဧပြီ ၁၀ ရက် နံနက်ခင်းအထိ ကိုဗစ် - ၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇ ဦး၊ မန္တလေးတိုင်း ၁ ဦး၊ ပဲခူးတိုင်း ၄ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၁ ဦး၊ နေပြည်တော် ၁ ဦး၊ ချင်းပြည်နယ် ၂ ဦး၊ မွန်ပြည်နယ် ၁ ဦး၊ ပေါင်း ၂၇ ဦး ရှိခဲ့ရာ ယခုတွေ့ရှိချက်မှာ မွန်ပြည်နယ်တွင် ပထမဆုံး ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုဟု ဆိုနိုင်သည်။







