ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်ခံရသူ ၃၀၀ နီးပါး ရှိ

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်ခံရသူ ၃၀၀ နီးပါး ရှိ

လားနွန် – ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရန် ချင်းပြည်နယ်သို့ ပြည်ပမှ ပြန်လာသူများကို (၁၄) ရက် ရောဂါခြေချုပ် (Quarantine) စောင့်ကြည့်လျက်ရှိပြီး ပြည်နယ်တစ်ဝန်းတွင် ကိုဗစ်-၁၉ စောင့်ကြည့်ခံရသူ (၂၉၉) ဦးရှိသည်ဟု မတ်လ (၃၁) ရက်နေ့ထိစာရင်းအရ သိရသည်။

ပြည်ပပြန်  (၄၆၉) ဦးအနက် လူဦးရေ (၁၇၀) ကို (၁၄) ရက် ရောဂါခြေချုပ်ဖြင့် ထားရှိပြီးနောက် ပိုးမတွေ့ရသည့်အတွက် ပြန်လွှတ်လိုက်ကြပြီး (၂၉၉) ဦး ကျန်ရှိနေသေးသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ကျွန်တော်တို့က နိုင်ငံခြားပြန်လာတဲ့သူတွေကိုတော့ အနည်းဆုံး (၁၄) ရက်စောင့်ကြည့်လုပ်တာပေါ့၊ (၁၄) စောင့်ကြည့်ပြီး အခု သူတို့ပြန်လာတဲ့နေ့ တွက်လို့ ဒီကြားမှာ ဘာမှဖျားလည်းမဖျားဘူး၊ သူ(ပိုး)နဲ့ဆက်စပ်တဲ့လက္ခဏာတွေ မရှိဘူးဆိုရင်၊ ဒါကတော့ စောင့်ကြည့်ရေးဘက်ကနေ လျှော့ပေးရတာ။ ကျွန်တော်တို့ (၁၄) ရက်ပဲ ကျွန်တော်တို့ အဲလိုလေး လုပ်တဲ့အတွက် တစ်ချို့ဟာတွေလည်း စာရင်းကနေ ပယ်ပေးရတယ်၊ ဟိုတလောက (၅၀၈) ဦးထိ တက်သွားတယ်၊ အဲဒီကနေ ကျွန်တော်တို့ မလိုတဲ့ဟာတွေ ပြန်ပယ် ပယ်ရင်းနဲ့ အခု (၄၆၉) ဦးဖြစ်တာ၊ အဲဒီထဲကနေ (၁၄) ရက်ကျော်တဲ့ ဟာတွေကျတော့ ကျွန်တော်တို့ ပြန်ပယ်ဖျက်ရတာ” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ချင်းပြည်နယ်တစ်ဝန်း (Home Quarantine) ခေါ် နေအိမ်အတွင်းစောင့်ကြည့်ခံရသူ (၂၇၈) ဦး၊ ဆေးရုံတွင်စောင့် ကြည့်ခံရသူ (၇) ဦးနှင့် စာသင်ကျောင်းတွင်ထားရှိကာ သီးခြားစောင့်ကြည့်ခံရသူ (၁၄) ဦးရှိသည်။

ယခုလက်ရှိ တီးတိန်ဆေးရုံတွင် အမေရိကန်ပြန် ချင်းအမျိုးသားတစ်ဦးသာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားပြီး နောက်ထပ် မတွေ့သေးပေ။

COVID-19 ကာကွယ်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ ချင်းပြည်နယ်အတွက် လိုအပ်ချက် အလွန်မြင့်မားနေသည်ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျနော်တို့လိုအပ်ချက်တော့ တော်တော်များတယ် အခုကျနော်တို့ ပြည်နယ်အဆင့် လူမှုဝန်ကြီးနဲ့ ပြည်နယ်ကျန်းမာရေးတို့ကနေ စုံစမ်းချက်အရဆိုရင် ဒီဟာက ဘယ်လောက်ကြာမလဲ မသိဘူး၊ အနည်းဆုံး သုံးလေးလလောက်ကြာမယ်ဆိုရင်တောင်မှ သူ့ရဲ့လိုအပ်ချက်တွေကအများကြီး” ဟု ဦးစိုးထက်က ပြောသည်။

ချင်းပြည်နယ်ရှိ စောင့်ကြည့်ခံရသူ အားလုံးမှာ ဧပြီ ၁ ရက် နံနက်အထိ ကျန်းမာရေး ကောင်းမွန်ကြကြောင်း ပြည်နယ်ကျန်းမာရေးမှူး ဦးအောင်ငွေစံထံမှ သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...