ကုလားတန် ဘက်စုံစီမံကိန်းလုပ်သားများကို AA က တစ်ည ဖမ်းဆီးပြီး ပြန်လွှတ်

ကုလားတန် ဘက်စုံစီမံကိန်းလုပ်သားများကို AA က တစ်ည ဖမ်းဆီးပြီး ပြန်လွှတ်

လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်ဝ ဆိပ်ခံတံတားတည်ဆောက်ရေးစီမံကိန်းလုပ်သား (၁၅) ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က  မတ်လ (၂၂) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရက်တွင် ပြန်လွှတ်လိုက်ပြီဟု သိရသည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လုပ်သားတွေက ပလက်ဝမြို့ အရှေ့ဖက်ကမ်းမှာရှိတဲ့ ဇိုရမ်ပွီးလမ်း အိန္ဒိယဆိုဒ်မှာ နေတယ်၊ ညပိုင်းကို လာဖမ်းသွားတယ်၊ သူတို့ကို ညပိုင်းခေါ်သွားပြီးတော့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ငွေကျပ်သိန်း (၅၀) ပေးထားပြီးတော့ ပစ္စည်းတစ်ချို့လည်း ယူသွားတယ်လို့ ပြောတယ်၊ အခုတော့ ပလက်ဝဖက်မှာ လာနေပြီးတော့ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး အမေးအဖြေဆွေးနွေးတာတွေ လုပ်နေတယ်၊ နောက်ဆုံးအခြေအနေတော့ အဲဒီလောက်ပဲ သိတယ်’’ ဟု ပြောသည်။

AA တပ်ဖွဲ့ဝင်များက စီမံကိန်းလုပ်သား အိန္ဒိယနိုင်ငံသား (၈) ဦး၊ ဒေသခံအလုပ်သမား (၇) ဦး၊ ပေါင်း (၁၅) ဦးကို ကြက်ဥဝရွာအနီးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “အဲဒီလူတွေကို ကျနော်တို့ ခဏလေး ထိန်းသိမ်းထားတာ၊ ဘာကြောင့်လဲဆိုလို့ရှိရင် အဲဒီ အိန္ဒိယဆိပ်ခံတံတား အဆောက်အဦးတွေကို နေရာယူပြီးတော့မှ မြန်မာစစ်တပ်ကနေပြီးတော့ ဒီလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပြီးတော့ ပစ်နေတာ ရှိတယ်၊ အဲဒီမှာ သူတို့ လောင်ချာတွေ၊ ရိုကက်တွေနဲ့ လှမ်းပစ်တာ ရှိတယ်၊ အဲဒီအဆောက်အဦးတွေကနေပြီးတော့ပေါ့၊ ဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီစစ်သားတွေ သေနတ်ပစ်တဲ့နေရာတွေကို မနေ့ကညနေပိုင်းမှာ ဝင်ရောက်ပြီးတော့ ရှင်းလင်းပေးတာရှိတယ်၊ အဲဒီမှာက လက်နက်ကျည်ခွံတွေ၊ နောက်စစ်သားတွေ နေရာယူပြီးတော့ နေခဲ့တဲ့ နေရာတွေ၊ အဲဒါတွေ ကျနော်တို့ တွေ့ရတယ်၊ ဒါကြောင့် အဲဒီအဆောက်အဦးနေရာက လူတွေကို အဲဒီမှာ ခဏလေး ခေါ်ပြီးတော့ ထိန်းသိမ်းမေးမြန်းတာ ရှိတယ်၊ ဒီလူတွေ စစ်တပ်နဲ့ ဘာမှ ပတ်သက်မှု မရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်ကနေ ကောင်းကောင်းမွန်မွန် မနက်အစောကြီး ပြန်လွှတ်ပေးလိုက်ပြီ” ဟု ပြောသည်။

အေအေတပ်ဖွဲ့အနေဖြင့် ပလက်ဝဆိပ်ခံတံတား တည်ဆောက်ရေးလုပ်သားများထံ ကျပ်ငွေသိန်း (၅၀) တောင်းယူသည် ဆိုသည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

သို့သော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော ပလက်ဝနှင့် ဇိုးရင့်ပွီးအထိ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသည့် ကုမ္ပဏီဝန်ထမ်းများနှင့် အလုပ်သမား (၁၃) ဦးကိုလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး စစ်တပ်နှင့် ပတ်သက် ဆက်နွှယ်မှု မရှိသည့်အတွက် နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...