ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန် CNF တောင်းဆို

ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန် CNF တောင်းဆို

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်း ရပ်တန့်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က တောင်းဆိုလိုက်သည်။

ယင်း စစ်ရေးပဋိက္ခသည် ချင်းအမျိုးသားများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ရှိနေခြင်းကြောင့် ချင်းအမျိုးသားများအတွက် အရေးပေါ်အခြေအနေ ရောက်နေပြီး ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း တိုက်ပွဲများကို ချက်ချင်း ရပ်တန့်ရန် တပ်မတော်နှင့် AA ကို ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ်မြောက် ညီလာခံက တောင်းဆိုလိုက်သည်။

ထို့အပြင် AA တပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်ဟု CNF ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။

CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei က “ကျနော်တို့ ညီလာခံမှာလည်းပဲ အဲဒီကိစ္စ အချိန်ယူပြီး ဆွေးနွေးကြတယ်၊ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ နှစ်ဖက်သဘောတူညီစာချုပ်မှာလည်းပဲ ချင်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ချင်းအမျိုးသားတပ်မတော်ပဲ ရှိရမယ်လို့ ပါတာကိုး၊ အဲဒါကြောင့် ပထမအကြိမ် Bilateral ကတည်းက ပလက်ဝမြို့နယ်မှာ (CNF) အခြေချဖို့ ဆွေးနွေးခဲ့ကြတယ်၊ ဒါပေမယ့် အစိုးရဘက်က လက်မခံခဲ့ဘူး။ ဒီကနေ့ထိဆွေးနွေးနေဆဲပဲ၊ အစိုးရဘက်ကတော့ တာဝန်ယူပါလိမ့်မယ်လို့ပြောတယ်။ ဒါပေမယ့် ဒီကနေ့ထိ ကျနော်တို့ ချင်းပြည်သူလူထုတွေ လုံခြုံမှု မရှိတော့ဘူး။ ဒါကြောင့် Bilateral Ceasefire Agreement (ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်) ကို အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ လုံခြုံမှုမပေးနိုင်ဘူး ဆိုလို့ရှိရင် ကျနော်တို့ကို နေရာချပေးပါလို့ ကျနော်တို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူလူထုရဲ့ တောင်းဆိုချက်အရသော်လည်းကောင်း၊ ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အားလုံးရဲ့ ဆွေးနွေးချက်အရသော်လည်းကောင်း၊ စစ်ပွဲတွေလည်း ချက်ချင်း ရပ်တန့်ပြီးတော့ စစ်ရာဇဝတ်မှုတွေလည်း ရပ်တန့်ပြီးတော့ ချင်းပြည်နယ်ကနေ ထွက်ခွါပေးဖို့ ညီလာခံကနေ တောင်းဆိုရခြင်းဖြစ်ပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ယခင်က ရေငုံနှုတ်ပိတ်နေခဲ့သည့် CNF သည် ၎င်းတို့၏ ဗဟိုဌာနချုပ် ဝိတိုရိယစခန်းတွင် ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် ညီလာခံအပြီးတွင် ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) အနေဖြင့် ပလက်ဝ စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ တပ်မတော်နှင့် AA တပ်ဖွဲ့ စစ်ပွဲများရပ်တန့်ရန် ကြေညာချက်ထုတ်ပြီးတောင်းဆိုမည့်အစား ပိုမိုထိရောက်နိုင်မည့်အခြားသောနည်းလမ်းဖြင့် လုပ်ဆောင်သင့်သည်ဟု ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ညှိနှိုင်းရေးမှူး ဦးစောမြကပြောသည်။

“ဒီထက် လက်တွေ့ကျတဲ့ တုန့်ပြန်မှုမျိုးတော့လုပ်သင့်တယ်ထင်တယ်၊ ဒီလိုမျိုး ကြေညာချက်ထုတ်တာကတော့ ကြာလှပြီလေ။ လွန်ခဲ့တဲ့ ၂၀၁၇/၁၈ ကတည်းက ကြေညာချက်ထုတ်နေတာပဲလေ။ ဘာမှပြောင်းလဲမလာတာ။ ဒီထက်ပိုထိရောက်တဲ့ Action တွေလုပ်သင့်တယ်။ စစ်ဘေးရှောင်တွေကူညီတာတို့ အစိုးရနဲ့ ညှိနှိုင်းတာ၊ AA နဲ့ ညှိနှိုင်းတာမျိုးတွေလည်းလုပ်ပေးရတာပဲလေ’’ ဟု ဦးစောမြကပြောသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အကြားတိုက်ပွဲပိုမိုပြင်းထန်လာပြီး တပ်မတော်ဘက်မှ လေကြောင်းအသုံးပြုလာသည့်အတွက် ပြီးခဲ့သည့် မတ်လ ၁၄ နှင့် ၁၅ ရက်နေ့က ကျေးရွာ ၅ ရွာတွင် ဗုံးကြဲတိုက်ခို က်ကြောင့် အရပ်သားပြည်သူ၂၁ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရှိခဲ့သည်။

အဆိုပါလေကြောင်းအသုံးပြုတိုက်ခိုက်မှုများကြောင့် ပလက်ဝမြို့ – ဆမီးမြို့အကြားတွင်တည်ရှိသည့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ နှစ်ထောင်ကျော် ကျေးရွာတွင် မနေရဲတော့ဘဲ ဆမီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် တိုက်ပွဲများကြောင့် လူမှုဒုက္ခအတိ ခံစားနေကြရသော ဒေသခံ ချင်းပြည်နယ်သူများအတွက် လိုအပ်သော လူမှုကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေးကို ပြည်တွင်းပြည်ပရှိချင်းအမျိုးသားများ၊ ချင်းပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးကြရန်နှင့် ချင်းအမျိုးသားတပ်ဦးအနေဖြင့် နည်းလမ်းပေါင်းစုံအသုံးပြု၍ ကမကထပြု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု CNF ၏ သတ္တမအကြိမ်မြောက် ညီလာခံကြေညာချက်တွင် ဖော်ပြထားသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...