တိုက်ပွဲကြောင့် ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၂၀၀၀ ကျော် ရှိပြီ

တိုက်ပွဲကြောင့် ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၂၀၀၀ ကျော် ရှိပြီ
Photos Credit: Jolly Aung
Photos Credit: Jolly Aung

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ နှစ်ထောင်ကျော်ရှိနေပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟုသိရသည်။

တိုက်ပွဲများဖြစ်ပွားရာ ပလက်ဝမြို့နယ် မီးချောင်းတလျှောက်နေ ဒေသခံပြည်သူများ မတ်လ ၁၆ ရက်နေ့ကစ ဆမီးမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်လာခဲ့ကြကြောင်း၊ မတ် ၁၉ နံနက်ပိုင်း စာရင်းအရ စစ်ဘေးရှောင်ပြည်သူ (၂၂၆၅) ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့မျှော်လင့်ချက် (People Hope Org) လူမှုအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဦးဇော်လီအောင်က ပြောသည်။

“ဆန်အိတ်က အိတ် (၁၀၀) လောက်တော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ပေးထားတာ ရှိတယ်၊ တစ်ရက်ကို ကျနော်တို့ အိတ် (၄၀) လောက်တော့ မှန်းတယ်၊ အဲဒီတော့ အဓိကတော့ ဆမီးမှာ လက်လီလက်ကား ဝယ်လို့ မရတဲ့အခါကျတော့ နံပါတ်တစ်မှာ ဆန်လိုမယ်၊ ဆီ၊ ဆား အဲဒါက အဓိက လိုမယ်၊ အခုက ရေပြဿနာဖြစ်တယ်၊ မီးပြဿနာလည်းဖြစ်တယ်၊ သောက်သုံးရေလိုတယ်၊ အိမ်သာဆောက်ဖို့လည်း တာလပတ်တွေ ဝယ်မရဘူး၊ ပြီးတော့ ချက်ပြုတ်ဖို့အတွက် ထင်းမရှိဘူး၊ လူငယ်တွေက ထင်းရှာဖို့ သွားကြတယ်ဆိုတော့ လိုအပ်တာကအရမ်းများတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။

စစ်ဘေးရှောင်ပြည်သူများထဲတွင် ၁၅ နှစ်အောက် ကလေး/လူငယ် ကျား (၃၆၇)၊ မ (၃၇၂) နှင့် ကိုယ်ဝန်ဆောင် (၂၄) ဦးပါရှိပြီး၊ ဆမီးမြို့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်း၊ အမှတ် ၂ ၊ အ.လ.က လိပ်ကုန်း စာသင်ကျောင်း၊ အမှတ်၃ ရပ်ကွက် ခန်းမဆောင်နှင့် ဘုရားကျောင်း၊ လူနေအိမ်များတွင် အဆင်ပြေသလို နေရာချထားပေးသည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ နှင့် ၁၅ ရက်နေ့များ၌ ပလက်ဝမြို့နယ် မိတ်စာဝ၊ ဝက်မ၊ ပြိုင်တိန် ကျေးရွာများတွင် တပ်မတော်၏ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၂၁ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရှိခဲ့သည်။

ဒေသခံများသည် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် ရွာတွင် မနေရဲတော့ဘဲ ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး နောက်ထပ် ထွက်ပြေးလာကြမည့် ကျေးရွာများလည်း ရှိနေသေးသည်ဟု သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...