တပ်မတော်လေကြောင်းစစ်ဆင်ရေးကြောင့် ပလက်ဝတွင် နှစ်ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ဒေသခံ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

တပ်မတော်လေကြောင်းစစ်ဆင်ရေးကြောင့် ပလက်ဝတွင် နှစ်ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ဒေသခံ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်
Photo Credit: Khumi Media Group
Photo Credit: Khumi Media Group

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးကြောင့် နှစ်ရက်အတွင်း အရပ်သား (၂၁) ဦးသေဆုံးပြီး (၂၈) ဦးဒဏ်ရာရရှိခဲ့သည်။

ပလက်ဝမြို့နှင့် ဆမီးမြို့အကြားရှိမိတ်စာဝ ၂ နှင့် ၃ ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့က မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသား (၁၂) ဦးသေဆုံးပြီး (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြသည်။

မတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းစစ်ဆင်မှုများ ဆက်လက်ပြုလုပ်ပြီး ဝက်မကျေးရွာမှ ရွာသား (၈) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိကြောင်း၊ ပြိုင်တိန်ကျေးရွာတွင်လည်း ရွာသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောသည်။

“(၁၄) ရက်နေ့ မိတ်စာဝ ၂ နဲ့ ၃ မှာ ပွဲချင်း သေတာက (၁၂) ယောက်ရှိတယ်၊ ဒဏ်ရာရတာက (၁၅) ယောက်ရှိတယ်။ (၁၅) ယောက်ထဲမှာ (၁၃) ယောက်ကို မတူပီဆေးရုံကိုပို့တယ်၊ (၂) ယောက်ကတော့ ဒဏ်ရာမပြင်းထန်လို့ ဆမီးမှာပဲထားတယ်၊ မတ်လ (၁၅) ရက်နေ့မှာဖြစ်တဲ့ဟာက ဝက်မအုပ်စု၊ ဝက်မရွာ၊ ညနေပိုင်းမှာဖြစ်တဲ့ဟာမှာ (၈) ယောက်က ပွဲချင်းသေတယ်၊ (၁၂) ယောက် ဒဏ်ရာရတယ်၊ ပြိုင်တိန်ကျေးရွာမှာက ၅ တန်းကျောင်းသူလေးတစ်ယောက် ပွဲချင်းပြီးသေတယ်၊ သူ့အဒေါ်က ဒဏ်ရာရတယ်’’ ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

တိုက်ပွဲတွင် တပ်မတော်က လေကြောင်းအသုံးပြု ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူစုစုပေါင်း (၂၁) ဦးသေဆုံးပြီး (၂၈) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ဒဏ်ရာရရှိသူများကို မတူပီနှင့် မင်းတပ်မြို့ဆေးရုံများတွင် ပို့ဆောင်ထားကြပြီး ဒဏ်ရာ ပိုမိုပြင်းထန်သူကို မန္တလေးမြို့သို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ဆလိုင်းမျိုးထိုက်က “တိုက်ပွဲဆိုတာ ဘာမှကောင်းကျိုးမရှိဘူး၊ ဘာမှမဆီမဆိုင်တဲ့ပြည်သူတွေကို ဒုက္ခမပေးတာအကောင်းဆုံးပဲ။ ပြည်သူတွေက မြေစာပင်ဖြစ်တာကတော့ မတရားဘူး’’ ဟုပြောသည်။

ယခုလက်ရှိတွင် တပ်မတော်မှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျေးရွာ (၅) ရွာအပြင် ငမြင်းတောင်၊ ဆားနှင့် ကူဝရွာတို့မှ အိမ်ခြေ (၃၀၅) အိမ်၊ လူဦးရေ (၁၄၄၉) ဦး တို့သည် ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

၎င်းတို့ကို ဆမီးမြို့ပေါ်ရှိ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် အစိုးရအဆောက်အဦးများတွင် နေရာချထားကြပြီး နောက်ထပ် ထွက်ပြေးလာကြသူများလည်း ရှိသည်ဟုသိရသည်။

လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် ကျေးရွာများတွင်  AA နှင့် ရခိုင်များ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းများသာ နေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင်တိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုတ်ချကန့်ကွက်သည်ဟု CNLD က မတ်လ (၁၅) ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသူများကို တပ်မတော်အနေဖြင့် စစ်ဆေး အရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အားလုံးအတွက် တာဝန်ယူ လျော်ကြေးပေးရန်နှင့် ထိခိုက်နစ်နာသူမိသားစုများအား တရားဝင် တောင်းပန်ရမည်ဟု CNLD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...