တပ်မတော် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ချင်းပါတီ အပြင်းအထန် ကန့်ကွက်ရှုတ်ချ

တပ်မတော် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ချင်းပါတီ အပြင်းအထန် ကန့်ကွက်ရှုတ်ချ

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ လေကြောင်းအသုံးပြု ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂၁) ဦးသေဆုံးခဲ့ရသည့်ကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က ပြောဆိုလိုက်သည်။

လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် ကျေးရွာများတွင်  AA နှင့် ရခိုင်များ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းများသာနေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင်တိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုတ်ချကန့်ကွက်သည်ဟု CNLD က မတ်လ (၁၅) ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ပြည်သူလူထုကို ကာကွယ်ရန် တာဝန်ရှိသည့် မြန်မာ့တပ်မတော်က ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ဗုံးကျဲတိုက်ခိုက်မှုမှာ လုံးဝလက်ခံ၍ မရကြောင်း CNLD ပူးတွဲဥက္ကဋ္ဌ ပူးနိုးထန်ကပ်က ပြောသည်။

“အပြစ်မဲ့ပြည်သူတွေ နေတဲ့ရွာမှာ ဘယ်သူပဲဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ်၊ သောင်းကျန်းသူဖြစ်ဖြစ်၊ တော်လှန်ရေးသမားဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ခိုအောင်းနေတယ်ဆိုရင်တောင်မှ ရွာမှာ မပစ်ရဘူး၊ အစိုးရတပ်ဆိုတာက ပြည်သူဖက်မှာ ပါနေရမယ်၊ ပြည်သူတွေ နစ်နာမှု ဖြစ်စေမယ့် အရာကို ရှောင်ရမယ်၊ တကယ်လို့ အဲဒီမှာ AA ပုန်းအောင်းနေရင်တောင်မှ အဲဒီအခိုက်အတန့်တော့ ရွာသားတွေကို တနည်းတဖုံနဲ့ ချဉ်းကပ်ဖို့ လိုတယ်၊ တစ်ခါတည်း ဗုံးသွားကြဲတာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်ပြီးတော့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်ကြီးတွေ တအားသုံးနေတာကလည်း မသင့်တော်ဘူးလို့ ကျနော်တို့ မြင်တယ်” ဟု ပူးနိုထန်ကပ်က ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသူများကို တပ်မတော်အနေဖြင့် စစ်ဆေး အရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အားလုံးအတွက် တာဝန်ယူ လျော်ကြေးပေးရန်နှင့် ထိခိုက်နစ်နာသူမိသားစုများအား တရားဝင်တောင်းပန်ရမည်ဟု CNLD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့အကြား တည်ရှိသည့် မိတ်စာဝ ၂ နှင့် ၃ ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့က မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသား (၁၂) ဦးသေဆုံးကာ (၁၅) ဦး ဒဏ်ရာ ရရှိခဲ့သည်။

မတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းစစ်ဆင်မှုများ ဆက်လက်ပြုလုပ်ပြီး ဝက်မကျေးရွာမှ ရွာသား (၈) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိသည့်အပြင် ပြိုင်တိန်ကျေးရွာတွင်လည်း ရွာသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...