By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာမှ အရှိုချင်းမျိုးနွယ် အိမ်ထောင်စုသုံးစု၊ လူဦးရေ ၁၅ ဦး မတ်လ (၁၂) ရက် ညက ချင်းပြည်နယ် ဟားခါးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။
ဒါးလက်ချောင်း အထက်ကျေးရွာဟောင်းတွင် AA တပ်ဖွဲ့ဝင်များ ခြေကုပ်ယူ လှုပ်ရှားလာခြင်းကြောင့် မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများ ပြင်းထန်လာသည့်အတွက် ကျေးရွာတွင် မနေရဲတော့ဘဲ ဘေးလွတ်ရာ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု စစ်ဘေး တိမ်းရှောင်လာသူ ဦးဟန်သိန်းက ပြောသည်။
“တို့က ဒါးလက်ချောင်းရွာဟောင်းကျေးရွာမှာ နေတယ်၊ အဲဒီနေရာမှာပဲ AA တို့ သူတို့ စခန်းလို လာနေတယ်၊ လာ ခိုလှုံတာပေါ့၊ အဲလိုဆိုတော့ မြန်မာစစ်တပ်က လာပြီးတော့ တိုက်ခိုက်ခဲ့တဲ့အခါကျတော့ တို့တွေကလည်း မနေနိုင်ဘူးလေ၊ အဲဒါနဲ့ အမ်းမြို့ကို ပြောင်းသွားကြတယ်၊ ပြောင်းသွားတော့ ကျနော်တို့က ပစ္စည်းဥစ္စာတွေ အကုန်လုံး ထားသွားခဲ့ပြီး ဟိုဘက်ကို ပြောင်းတယ် ဆိုတာလည်း ဘာမှလည်း ပါမသွားဘူး၊ အဲဒါကြောင့် ရှိတာနဲ့ပဲ စားသောက်ပြီးတော့ တို့က မနေနိုင်တော့ဘူး၊ မရှာနိုင်တော့ဘူး၊ စားစရာလည်းမရှိ၊ သောက်စရာလည်း မရှိတဲ့ အခါကျတော့ ဒီဘက်ကိုအ ကူအညီတောင်းပြီး သူတို့က အစီအစဉ် လုပ်ပေးမယ်ဆိုလို့ ချင်းပြည်နယ်ကို လာခဲ့ကြတာ” ဟု စစ်ဘေး တိမ်းရှောင်လာသူ ဒါးလက်ချောင်းကျေးရွာသား ဦးဟန်သိန်းက ပြောသည်။
ဒါးလက်ချောင်းကျေးရွာတွင် အိမ်ထောင်စု ၅၀ ခန့် နေထိုင်ကြပြီး တပ်မတော်နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်းတို့ကျေးရွာသားများသည် အမ်းမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျနော်တို့ အစိုးရအဖွဲ့ကို ဆက်သွယ်ခဲ့တာ ဘယ်သူမှမရှိသေးဘူး၊ အဲဒီကိစ္စနဲ့လေ၊ သူတို့က ဥပမာ ဘယ်သူက၊ ဘယ်နေရာကနေ၊ ဘယ်နှစ်ယောက်ကလာတယ်ဆိုရင် အစိုးရအဖွဲ့ကို အသိပေးရတယ်၊ အစိုးရအဖွဲ့ကနေ ပြန်ဆွေးနွေးရတယ်၊ လောလောဆယ်တော့ အဲလိုတရားဝင်ဆက်သွယ်တာမရှိသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကစ၍ တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် အမ်းမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာခန့်မှ ဒေသခံ အရှိုချင်းတိုင်းရင်းသား (၃၀၀) ကျော် အမ်းမြို့ပေါ် ထွက်ပြေးပြောင်းရွှေ့ခဲ့ကြရသည်။ ထိုမှတဆင့် မကွေးတိုင်းဒေသကြီး ငဖဲ၊ မင်းတုန်း၊ မင်းလှနှင့် စေတုတ္တရာမြို့နယ်များရှိ ဆွေမျိုးများထံ ပြောင်းရွှေ့သွားသူ (၂၀၀) ကျော်ခန့် ရှိပြီဟု သိရသည်။
အမ်းမြို့နယ်မှ စစ်ဘေးရှောင်အရှိုချင်းတိုင်းရင်းသားများသည် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး နောက်ထပ်လည်း ပြောင်းရွှေ့လာကြဖွယ်ရှိသည်ဟု သိရသည်။







