လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက် ထားရှိရေး အခြေခံမူ ချမှတ်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မည်ဟု ဆို

လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက် ထားရှိရေး အခြေခံမူ ချမှတ်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မည်ဟု ဆို

ဒီမိုကရေစီစနစ် အခြေခံမူများထဲတွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရလက်အောက်သို့ ထားရှိနိုင်ရေး အခြေခံမူချမှတ်နိုင်မှသာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်မည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်က ပြောဆိုလိုက်သည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က ပြည်နယ်အဆင့် ကျင်းပသည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၌  မိန့်ခွန်းပြောကြားရာတွင် တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က “ပင်လုံစာချုပ်ရဲ့ အပိုဒ် (၇) ဖြစ်တဲ့ ဒီပြည်ထောင်စုကြီးဟာ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးရမယ်ဆိုတဲ့ဟာ ယနေ့ထိ မကျင့်သုံးနိုင်သေးဘူး။ အဲဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် NCA စာချုပ်မှာ ပါတဲ့အတိုင်း ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ထူထောင်ရမယ်ဆိုပြီးတော့ သဘောတူထားတဲ့အတိုင်း ဒီမိုကရေစီအခြေခံမူထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာ ထားရှိရမယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူကြီး ချမှတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးဟာ အောင်မြင်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောချင်ပါတယ်’’ ဟု ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်တွင် ထားရှိနိုင်ရေး အကောင်အထည်ဖော်ဆောင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းညွှန်ချက် ပေးထားပြီးဖြစ်၍ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက အဆိုပါအခြေခံမူကို ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

“အဲဒီအခြေခံမူသာမရရင် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ DDR/SSR ကိုဆောင်ရွက်လို့ရမှာ မဟုတ်ဘူး။ DDR/SSR ဆိုတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို မဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်မှာ မဟုတ်ဘူး’’ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။

DDR/SSR ဆိုသည်မှာ တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းခြင်းနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဖြစ်ပြီး လုံခြုံရေးကဏ္ဍ ဆွေးနွေးရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အမြင်မတူမှုများ ရှိနေသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်လာပြီး မိန့်ခွန်း ပြောကြားခဲ့သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...